
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွေ အပါအဝင် ရခိုင်ပြည်နယ်အတွင်း နယ်မြေ ၁၄ ခုကို အာရက္ခတပ်တော် (AA) က အလုံးစုံနီးပါး ထိန်းချုပ်နိုင်ချိန်မှာ စစ်အုပ်စုနဲ့ ဆွေးနွေးနေတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးဟာ AA မပါဘဲ အောင်မြင်အောင် ပြန်လည်စတင်ဖို့ ခက်ခဲမယ်လို့ လေ့လာသူတွေက သုံးသပ်ပြောပါတယ်။
၂ နှစ်ကျော်ကြာ ရပ်တန့်ခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်စတင်ဖို့နဲ့ ကုန်သွယ်မှုပမာဏ မြှင့်တင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ စစ်အာဏာရှင်ခန့် သံအမတ်တို့အကြား ဩဂုတ် ၂ ရက်က ဒါကာမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် စီးပွားကူးသန်းရောင်းဝယ်ရေးဝန်ကြီးနဲ့ စစ်အာဏာရှင်ခန့် မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးတို့ဟာ ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေးပြန်စဖို့၊ ပင်လယ်ရေကြောင်းကနေတဆင့် သင်္ဘောနဲ့ တိုက်ရိုက်ကုန်သွယ်မှု တိုးမြှင့်ဖို့နဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ဖို့တို့ကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် စိုက်ပျိုးရေးနဲ့ ရေထွက်ကုန်တွေ၊ ဆန်၊ ဆေးဝါးနဲ့ စားသောက်ကုန် ကုန်သွယ်မှုတွေကို တိုးမြှင့်ဖို့နဲ့ စီးပွားရေးလုပ်ငန်းချင်း ချိတ်ဆက်မှု (B2B) တွေကို မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ကုန်သွယ်ရေးအပြင် စွမ်းအင်ကဏ္ဍမှာလည်း မြန်မာနိုင်ငံကနေ စစ်တကောင်းမြို့အထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းဖို့နဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းဖို့ကိုလည်း အလေးပေး ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီ ပိုက်လိုင်းစီမံကိန်းဟာ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စင်္ကြံလမ်း တည်ဆောက်မှုအပေါ် အထောက်အကူပြုနိုင်မယ်လို့လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက မျှော်လင့်ထားပါတယ်။
အခုလို စီမံကိန်းတွေနဲ့ ပတ်သက်ပြီး စစ်အုပ်စုနဲ့ ဆွေးနွေးနေပေမဲ့ လက်ရှိမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ အများစုကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။ ဒီအခြေအနေမှာ နယ်စပ်ဒေသကို ထိန်းချုပ်ထားနိုင်တဲ့ အာရက္ခတပ်တော်ရဲ့ ခွင့်ပြုချက်နဲ့ ပူးပေါင်းပါဝင်မှုမရှိဘဲ ဒီစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ပါဘူး။
၈၈ ရခိုင်မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ဦးခိုင်ဆန်းအောင်က “လက်ရှိ နယ်စပ်ဒေသ အများစုကို အာရက္ခတပ်တော်က ထိန်းချုပ်ထားတဲ့အတွက်နဲ့ အာရက္ခတပ်တော် မပါဘဲ နယ်စပ်ကုန်သွယ်ရေးကို အပြည့်အဝ ပြန်စနိုင်ဖို့က အခက်အခဲ ရှိနိုင်ပါတယ်။ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကိစ္စလည်း အလားတူပါပဲ၊ ပိုက်လိုင်းဖြတ်သန်းမဲ့ ဒေသတွေ လုံခြုံတည်ငြိမ်ဖို့လိုသလို မြေပြင်မှာ ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းမှုမရှိဘဲ လက်တွေ့အကောင်အထည်ဖော်ဖို့ မလွယ်ပါဘူး။ တကယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ကုန်သွယ်မှု တိုးချဲ့ချင်တယ်ဆိုရင် နယ်စပ်ကို အမှန်တကယ် ထိန်းချုပ်ထားတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ပဲ လက်တွေ့ကျကျ ဆက်သွယ် ညှိနှိုင်းဖို့ လိုမယ်လို့ မြင်ပါတယ်။ မြန်မာ့အခြေအနေမှာ မြေပြင်အမှန်တရားကို ထည့်မစဉ်းစားဘဲ နယ်စပ်ကုန်သွယ်ရေး ဒါမှမဟုတ် စွမ်းအင်စီမံကိန်းတွေကို အောင်မြင်အောင် ဆောင်ရွက်ဖို့ဆိုတာ အခက်အခဲများစွာ ရှိနိုင်ပါတယ်” လို့ ပြောပါတယ်။
ရခိုင်မှာ မြို့သိမ်းတိုက်ပွဲ စတင်တဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားခဲ့ပြီး နယ်စပ်ဒေသတွေကို AA က အလုံးစုံထိန်းချုပ်ပြီးနောက်မှာတော့ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရေးကို နှစ်ဖက်နားလည်မှုတွေနဲ့ ကုန်သွယ်မှု ပြုလုပ်နေကြပါတယ်။
ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို ကုန်ပစ္စည်းတန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရတဲ့အတွက် ရခိုင်က ကုန်သည်တွေမှာ အခက်တွေ့နေကြပြီး အခွန်အခ လျှော့ပေါ့ပေးဖို့ တောင်းဆိုနေကြပါတယ်။
မောင်တောကုန်သည်တယောက်က “AA ဘက်ကနေပြီးတော့ ကုန်သွယ်မှုကို ဒီဘက်က ဆိပ်ကမ်းမှာပဲ အခွန်ဆောင်ရတယ်။ ဘာပစ္စည်းတွေလဲ၊ တရားဝင်ပစ္စည်းတွေလား စစ်ဆေးတာပေါ့နော်။ ဘင်္ဂလားဒေ့ရှ်ဘက်ကလာတဲ့ ကုန်ပစ္စည်းတွေကလည်း ဒီလိုပါပဲ။ စားသောက်ကုန်ပစ္စည်းတွေဆိုရင် အခွန်လွတ်တယ်။ တခြားပစ္စည်းတွေဆိုရင် သူ့ရဲ့ ရာခိုင်နှုန်းအလိုက် ပေးဆောင်ရတာတွေ ရှိပါတယ်။ ပြောချင်တဲ့ကိစ္စတခုက အခွန်နှုန်းထားတွေကို ဒီထက်မက လျှော့ပေါ့ပြီးတော့မှ ကောက်ခံပေးနိုင်ရင် ကျနော်တို့ ကုန်သည်တွေလည်း ဈေးသက်သက်သာသာနဲ့ သွင်းလို့ရမယ်၊ ထုတ်လို့ရမယ်၊ စားသုံးသူတွေအပေါ်မှာလည်း သက်ရောက်မှုတွေ နည်းသွားမှာပေါ့နော်” လို့ ပြောပါတယ်။
ရခိုင်ဘက်ကနေ ရေထွက်ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ်ဘက်ကို တင်ပို့နေပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကနေ စားကုန်၊ ဆောက်လုပ်ရေးပစ္စည်းနဲ့ လျှပ်စစ်ပစ္စည်းတွေကို ပြန်လည်တင်သွင်းနေတာပါ။
ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တုန်းက ကုန်သွယ်မှုပမာဏဟာ ဒေါ်လာ ၁၇ သန်းနီးပါး ရှိခဲ့ပေမဲ့ လက်ရှိမှာတော့ အလွန်နည်းပါးနေပါတယ်။
ကေခိုင်










