
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟာမြို့နယ်၊ ခိုင်ခီကျေးရွာမှာ မရာလူငယ်အစည်းအရုံး (MTP)) တာဝန်ရှိသူတွေနဲ့ ရခိုင် စက်လှေသမားတို့အကြား စက်လှေထွက်ခွာခွင့်နဲ့ ပြဿနာဖြစ်ပွားပြီးနောက် စက်တင်ဘာ ၁၆ ရက်ကစပြီး ဆိုင်ဟာမြို့နယ်က နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ၃ ခုကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ MTP က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၄ ရက်က အိန္ဒိယ-မြန်မာ နယ်စပ်ရှိ ခိုင်ခီကျေးရွာ ဆိပ်ကမ်းမှာ ကြပ်မတ်နေကြတဲ့ မရာလူငယ်အစည်းအရုံး ဆိပ်ကမ်း တာဝန်ရှိသူအချို့နဲ့ ရခိုင်စက်လှေသမားတို့အကြား စက်လှေ ထွက်ခွာခွင့်နဲ့ပတ်သတ်ပြီး အငြင်းပွားကြပြီးနောက် နှစ်ဖက် အချေအတင် ဖြစ်ပွားခဲ့ကြပါတယ်။
နှစ်ဖက် အချေအတင် ဖြစ်ပွားခဲ့ကြပြီးနောက် ဆိုင်ဟာခရိုင် အခြေစိုက် MTP က တာဝန်ရှိသူတွေက မြေပြင် ကွင်းဆင်းစစ်ဆေးပြီးနောက် စက်လှေသမားတွေရဲ့ အကြမ်းဖက်မှုတွေကို ပြင်းထန်စွာ ကန့်ကွက်တဲ့အနေနဲ့ စက်တင်ဘာ ၁၆ ရက် ညနေ ၇ နာရီကစပြီး ဆိုင်ဟာခရိုင်တွင်းရှိ ခိုင်ခီ၊ လောင်ဒုံ၊ လောင်မရှု စတဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ၃ ကြောင်းကို ယာယီပိတ်ပင်လိုက်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘယ်နေ့အထိ ပိတ်ပင်ထားမယ်ဆိုတာကို အတိအကျ ပြောထားတာမျိုးမရှိဘဲ ယာယီပိတ်ပင်လိုက်တယ်တို့ MTP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ ပိတ်ပင်လိုက်တဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေဟာ ကုန်ကျစရိတ် သက်သာတာကြောင့် ကုန်စည်စီးဆင်မှုအပေါ်မှာလည်း ရိုက်ခတ်မှု ရှိလာနိုင်တယ်လို့ နယ်စပ်ကုန်သည်တယောက်က ပြောပါတယ်။
“ပထမတော့ အချေအတင်ဖြစ်ကတည်းက အာရက္ခတပ်တော်ဘက်က လမ်း ၃ ရက် ပိတ်ထားတာ။ အခု မရာအစည်းအရုံး (MTP) ကပါ ထပ်မံပိတ်လိုက်တော့ ဘယ်လိုဖြစ်လာမယ်ဆိုတာ မသိရသေးဘူး။ လမ်းကြောင်းက အခင်းဖြစ်ကြတဲ့ နေရာတခုတည်း မဟုတ်ဘဲ ဆိုင်ဟာခရိုင်ထဲက ၃ လမ်းကြောင်းလုံးကို ပိတ်လိုက်တာဆိုတော့ ကုန်သွယ်မှုအပေါ် အနည်းအများ ရိုက်ခတ်မှုတော့ ရှိလာနိုင်တယ်။ ဆိုင်ဟာ ခရိုင်ဘက်က လမ်းကြောင်းတွေက စရိတ်စက သက်သာတော့ ကုန်သည်တွေ အသွားအလာ များကြတယ်။”
လက်ရှိမှာ အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးကို အခြားမြို့နယ်တွေက ကုန်သွယ်ရေးလမ်းကြောင်းတွေကသာ ကုန်သွယ်မှု ပြုလုပ်နေကြတယ်လို့လည်း နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
လက်ရှိ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှာ ပြဿနာဖြစ်ပွားခဲ့ကြပြီး အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြတဲ့ စက်လှေသမားတွေကို အာရက္ခတပ်တော်(AA)ဘက်က ထိန်းသိမ်းထားတယ်လို့ သိရပြီး နယ်စပ်ကုန်သွယ်ရေး ပုံမှန်လည်ပတ်နိုင်ဖို့ မရာလူငယ်အစည်းအရုံး (MTP) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တို့အကြား တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၄ ရက်က ဖြစ်စဉ်မှာ အိန္ဒိယနိုင်ငံတွင်း အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြတဲ့ စက်လှေသမားတွေကို ထိရောက်စွာ အရေးယူပေးကြဖို့ကိုလည်း India For Myanmar(IFM) က စက်တင်ဘာ ၁၆ ရက်နေ့က တောင်းဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက စစ်အာဏာရှင်တပ်က ရခိုင်ပြည်နယ်ကို ကုန်စည်းစီးဆင်းခွင့် ပိတ်ပင်ထားတဲ့အတွက် လိုအပ်တဲ့ ကုန်စည်တွေ၊ ဆေးဝါးတွေနဲ့ စက်သုံးဆီးတွေကို မီဇိုရမ်ပြည်နယ်က ကုန်သွယ်မှု ပြုလုပ်နေကြရတာလည်း ဖြစ်ပါတယ်။











