DVB Logo
Home
Lead Story
ဒစ်ဂျစ်တယ် ဖန်သားပြင်ကြည့်ရှုချိန် Screen Time များလို့ မိသားစုတွင်း ဆက်ဆံရေးကို ထိခိုက်နေပြီလား
DVB
·
April 11, 2024
ဒစ်ဂျစ်တယ် ဖန်သားပြင်ကြည့်ရှုချိန် Screen Time များလို့ မိသားစုတွင်း ဆက်ဆံရေးကို ထိခိုက်နေပြီလား
Donate to DVB

မိသားစုတွေဟာ သီးခြားစက်ပစ္စည်းကိရိယာလေးတွေနဲ့ အမြဲချိတ်ဆက်နေကြတယ်။ အချင်းချင်း ကြားမှာရော ဘယ်လိုပြန်ချိတ်ဆက်ကြမလဲ။

စနေနေ့ မွန်းလွဲပိုင်း မိသားစုထဲက ကလေးတွေအားလုံးဟာ သီးခြားစက်ပစ္စည်းကိရိယာတွေနဲ့ အသီးသီး ချိတ်ဆက်ထားနေကြသလို သူတို့ရဲ့ မိဘတွေလည်း အလားတူပါပဲ။

မိသားစုတွေဟာ သူတို့ရဲ့ ဖုန်း၊ ကွန်ပြူတာ၊ တက်ဘလက်၊ တီဗွီစတဲ့ ဒစ်ဂျစ်တယ်ဖန်သားပြင်ကို ကြည့်ရှုတဲ့ စခရင်အသုံးပြုချိန် (Screen time) ကို လျှော့ချနိုင်ဖို့ အခြေခံစည်းမျဉ်းတွေကို သတ်မှတ်လိုကြပြီး စက်ပစ္စည်းကိရိယာမပါဘဲ အချင်းချင်းချိတ်ဆက်ဖို့လည်း ဆန္ဒရှိကြပါတယ်။

ဒါပေမဲ့ ကိုယ့်မိသားစုနဲ့ လိုက်ဖက်မယ့် အစီအစဉ်ကို ဘယ်အချိန် ဘယ်နေရာမှာ စရမလဲ ဆိုတာကိုတော့ သိဖို့ခက်ပါတယ်။ ပထမဦးဆုံး ကိုယ့်ရဲ့ ကိုယ်ပိုင်စခရင်ကြည့်ချိန်ကို ကြည့်ပါ။

ကလေးတွေကို “စခရင်ကို လက်လွှတ်”ဖို့ မပြောခင်မှာ စခရင်တွေကို မိဘတွေကိုယ်တိုင် ဘယ်လောက်သုံးနေတယ် ဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။

တကမ္ဘာလုံးမှာ လူတဦးဟာ တနေ့ကို ပျမ်းမျှ ၆ နာရီနဲ့ ၅၈ မိနစ် ဖန်သားပြင်ပေါ်မှာ အချိန်ဖြုန်းကြပါတယ်။ ဒါဟာ ၂၀၁၃ ခုနှစ်က‌နေစပြီး ၁၃ ရာခိုင်နှုန်း (၄၉ မိနစ်) တိုးလာပါတယ်။

မြင့်မားတဲ့ စခရင်အသုံးပြုမှု ကြာချိန်ရှိတဲ့ မိဘ‌တွေရဲ့ မိသားစုမှာရှိတဲ့ ကလေးငယ်တွေဆီမှာလည်း ဒီလိုအချက်တွေကို တွေ့ရပါတယ်။ သြစတြေးလျက မူလတန်းကျောင်းနေအရွယ် ကလေးတွေရဲ့ ၃ ပုံ ၂ ပုံဟာ သူတို့ရဲ့ ကိုယ်ပိုင် မိုဘိုင်းလ်စခရင်ကို အခြေခံတဲ့ကိရိယာ ရှိကြပါတယ်။

သြစတြေးလျရဲ့ စခရင်အသုံးပြုမှု ကြာချိန်လမ်းညွှန်ချက်တွေအရ အသက် ၅ နှစ်ကနေ ၁၇ နှစ်ကြား ကလေးတွေဟာ တနေ့ကို အထိုင်များတဲ့ စခရင်အသုံးပြုကြာချိန် (အိမ်စာအပါအဝင်) ၂ နာရီထက် မပိုရပါဘူး။ အသက် ၂ နှစ်ကနေ ၅ နှစ်အတွင်းကတော့ တနေ့ကို ၁ နာရီထက် ပိုမကြာရပါဘူး။ လမ်းညွှန်ချက်တွေမှာတော့ ၂ နှစ်အောက် ကလေး‌ေတွအတွက် စခရင် အသုံးပြုမှု ကြာချိန် လုံးဝမရှိဖို့ အကြံပြုထားပါတယ်။

ဒါပေမဲ့ အသက်အုပ်စုအလိုက် ကလေးအများစုဟာ အဆိုပါ အမြင့်ဆုံးပမာဏထက် ကျော်လွန်နေပါတယ်။ သြစတြေးလျ လေ့လာမှုအသစ်တခုအရ ပျမ်းမျှအားဖြင့် အသက် ၃ နှစ်အရွယ်ဟာ တနေ့ကို ၂ နာရီနဲ့ ၅၂ မိနစ် စခရင်ကြာချိန် ထိတွေ့လေ့ရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။

တချို့စခရင်အသုံးပြုမှုကြာချိန်က အဆင်ပြေပေမဲ့ အလွန်အကျွံကတော့ အန္တရာယ်များကို တိုးစေပါတယ်။

နည်းပညာဟာ ကလေးတွေရဲ့ဘဝကို နက်နက်ရှိုင်းရှိုင်း သက်ရောက်မှုရှိပြီး အခွင့်အလမ်းတွေနဲ့ စိန်ခေါ်မှုများကို ပေးဆောင်ပါတယ်။

တဖက်မှာလည်း ဒါဟာ ပညာရေးဆိုင်ရာ အရင်းအမြစ်များကို ဝင်ရောက်ကြည့်ရှုနိုင်ကာ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပြီး ရွယ်တူများ၊ မိသားစုဝင်များနဲ့ ဆက်သွယ်မှုကို လွယ်ကူချောမွေ့စေကာ ကျောင်းသားများအား သတင်းအချက်အလက်အသစ်တွေကို ရှာဖွေနိုင်စေပါတယ်။

တခြားတဖက်မှာတော့ စခရင် အလွန်အကျွံအသုံးပြုခြင်းဟာ အထိုင်များခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု မှတ်တိုင်များမှာ နှောင့်နှေးခြင်း၊ အိပ်ရေးပျက်ခြင်းနဲ့ နေ့ဘက်မှာ အိပ်ငိုက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

စခရင်အချိန် များလွန်းခြင်းဟာ လူမှုဆက်ဆံရေးစွမ်းရည်ကို ထိခိုက်စေနိုင်ပြီး မျက်နှာချင်းဆိုင် လူမှုဆက်ဆံမှာ အသုံးပြုတဲ့အချိန်ကို အစားထိုးသလို ဖြစ်နေပါတယ်။ ဒီလို မျက်နှာချင်းဆိုင် လူမှုဆက်ဆံတဲ့နေရာမှာ ကလေးငယ်တွေဟာ နှုတ်နဲ့ စကားမဟုတ်တဲ့ ဆက်သွယ်ပြောဆိုမှု၊ စာနာနားလည်မှု တိုးပွားလာစေဖို့၊ စိတ်ရှည်သည်းခံမှုနဲ့ အလှည့်အပြောင်းကို သင်ယူလေ့လာတဲ့နေရာ ဖြစ်ပါတယ်။

မိသားစုများစွာဟာ သူတို့ရဲ့အချိန်တွေကို စခရင်ဖန်သားပြင်ပေါ်မှာ ကုန်ဆုံးစေတဲ့အခါ သူတို့ရဲ့ကလေးတွေနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာကို စိုးရိမ်ကြပါတယ်။

မိသားစုအားလုံး တပြိုင်နက်တည်း နည်းပညာ စက်ပစ္စည်းတွေနဲ့ အချိန်ကုန်နေတဲ့အခါ  မျက်နှာချင်းဆိုင် အပြန်အလှန် ဆက်သွယ်မှုတွေ လျော့နည်းလာကာ ဆက်သွယ်ရေးကို လျော့ကျစေပြီး မိသားစုရဲ့ လှုပ်ရှားမှုတွေမှာ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။

ကြိုးမဲ့နည်းပညာကို တိုးမြှင့်အသုံးပြုခြင်းဟာ မိသားစုတွေကို နားကြပ်တပ်ခြင်းဖြင့် အချင်းချင်း အလွယ်တကူ အသံထွက်နိုင်စေပေမဲ့ စကားပြောဆိုခွင့်ကို လျော့ကျစေပါတယ်။ မျှဝေထားတဲ့ လှုပ်ရှားမှုတွေ သို့မဟုတ် အစားအစာတွေ စားနေစဉ်အတွင်း နားကြပ်တပ်ထားတဲ့ မိသားစုဝင်တွေဟာ ရုပ်ပိုင်းဆိုင်ရာ အတားအဆီးတခုကို ဖန်တီးပြီး မိသားစုဝင်တွေကို သူတို့ရဲ့ ကိုယ်ပိုင် ဒစ်ဂျစ်တယ်ကမ္ဘာကနေ ဆုတ်ခွာဖို့ တွန်းအားဖြစ်စေပါတယ်။

နားကြပ်တွေကို ကြာရှည်စွာ တပ်ဆင်ခြင်းဟာ မိသားစုဝင်‌တွေနဲ့ ချိတ်ဆက်မှု၊ ရင်းနှီးမှုကိုလည်း လျော့ကျစေပါတယ်။ ဥပမာအားဖြင့် ဗီဒီယိုဂိမ်းကစားခြင်းမှ သုတေသန ပြုချက်အရ ဂိမ်းဆော့တာဟာ သီးခြားဆန်ခြင်း၊ အထီးကျန်ဆန်ခြင်းနဲ့ လက်တွေ့ကမ္ဘာ လူမှုရေးဆက်ဆံမှု‌တွေမှာ ရွယ်တူတွေ မိသားစုတွေနဲ့ အားနည်းတဲ့ ဆက်ဆံရေးတွေကြောင့် ခံစားချက်တွေကို နေရာရွှေ့ပြောင်းတာတွေ တိုးမြင့်လာစေပါတယ်။

စခရင်အသုံးပြုမှုကြာချိန် ကန့်သတ်ချက်ကို ဘယ်လိုသတ်မှတ်နိုင်မလဲ 

မိသားစုလိုက်ထိုင်ပြီး တီဗီ၊ ဖုန်းနဲ့ ဂိမ်းဆော့တဲ့အခါမှာ ဘယ်လိုကန့်သတ်ချက်တွေကို သင့်လျော်မယ်လို့ ခံစားရကြောင်း ဆွေးနွေးခြင်းနဲ့ စတင်ပါ။ ဘယ်အချိန်ထိ အသုံးပြုဖို့  သင့်လျော်တဲ့အချိန် ဖြစ်မယ်ဆိုတာကို တိုင်ပင်ပါ။

မိသားစုအချိန်အတွက် စည်းမျဉ်းတွေသတ်မှတ်ထားပါ။ ဥပမာ- ညစာစားပွဲမှာ နည်းပညာစက်ပစ္စည်း မရှိစေရပါဘူး။ ဒါမှ မျက်နှာချင်းဆိုင် အပြန်အလှန် ဆက်သွယ်မှုတွေနဲ့ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။

ည ၉ နာရီနောက်ပိုင်း (သို့မဟုတ် ကလေးငယ်တွေအတွက် အိပ်ရာဝင်ချိန် တနာရီအတွင်း) လိုမျိုး တပတ်တာကာလအတွင်း တချို့သောအချိန်တွေမှာ ဖုန်း သို့မဟုတ် စက်ပစ္စည်းတွေကို လော့ခ်ချထားပြီး အားလပ်ရက်တွေကို ကိုယ်လက်လှုပ်ရှားမှု၊ ပန်းခြံမှာ ကိုယ်လက်လှုပ်ရှားတာ ဒါမှမဟုတ် လမ်းလျှာက်တာလိုမျိုး ဟန်ချက်ညီစေဖို့ အခွင့်အလမ်းတွေကို ရှာဖွေပါ။ မိသားစုလိုက် လမ်းလျှောက်ပါ။

မိဘတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်စခရင်အချိန်ပေါ်မှာ ကန့်သတ်ချက်တွေကို ထိန်းညှိပြီး သတ်မှတ်ခြင်းအားဖြင့် ကျန်းမာတဲ့ အမူအကျင့်တွေကို စံနမူနာ ယူနိုင်ပါတယ်။ ဆိုရှယ်မီဒီယာကို တရက်မှာ ၁၅ မိနစ် ဒါမှမဟုတ် ၃၀ မိနစ်အထိ ကန့်သတ်ထားပြီး အသုံးမပြုတဲ့အခါ ဖုန်းကို တခြားနေရာတခုမှာ ထားပါ။

သင့်လျော်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပြီး ကလေးတွေရဲ့ ဘေးကင်းမှုကို အာမခံတဲ့အခါမှာ နည်းပညာအသုံးပြုမှုနဲ့ ပတ်သက်ပြီး ပွင့်လင်းတဲ့ ဆက်သွယ်မှုမှာ မိဘများတွေနဲ့ အုပ်ထိန်းသူများ ပါဝင်ဖို့ အရေးကြီးပါတယ်။ အွန်လိုင်းက အကြောင်းအရာတွေကို ဘေးကင်းစွာ လေ့လာနိုင်ဖို့ အရေးကြီးတဲ့ တွေးခေါ်မှုစွမ်းရည်ကို သင်ကြားပေးဖို့ မိဘအုပ်ထိန်းမှုဆိုင်ရာ ကိရိယာတွေနဲ့ ကိုယ်ရေးကိုယ်တာ ဆက်တင်များကို အသုံးပြုဖို့ လုပ်ဆောင်ရပါမယ်။

မိဘတွေဟာ ကလေးတွေနဲ့ ငယ်ရွယ်စဉ်ကတည်းက ဖေးမကူညီပြီး ယုံကြည်ရတဲ့ ဆက်ဆံရေးကို မွေးမြူနိုင်မှသာ ကလေးတွေဟာ သူတို့ရဲ့ အွန်လိုင်းအတွေ့အကြုံတွေကို ဆွေးနွေးခြင်းနဲ့ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို မျှဝေခံစားနိုင်စေမှာ ဖြစ်ပါတယ်။

လီလီ

(Theconversation.com ဝက်ဆိုက်မှာ RMITတက္ကသိုလ် ပညာရေးဌာနမှ ကထိက Elise Waghorn ရေးသားထားတဲ့  “Our family is always glued to separate devices. How can we connect again?” ဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013