DVB Logo
Home
မြန်မာသတင်း
နန့်ယား စစ်တပ်ဂိတ်စခန်း လက်နက်ချ၊ ခလရ ၁၄၁ ကို KIA ဆက်လက်တိုက်ခိုက်
DVB
·
April 11, 2024
နန့်ယား စစ်တပ်ဂိတ်စခန်း လက်နက်ချ၊ ခလရ ၁၄၁ ကို KIA ဆက်လက်တိုက်ခိုက်
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဖားကန့် - မြစ်ကြီးနားလမ်းပေါ်က နန့်ယား စစ်ကောင်စီ ဂိတ်တပ်စခန်းကို ဧပြီ ၁၁ ရက် မနက် ၇ နာရီ ကျော်လောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်တယ်လို့ KIA    ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

ဧပြီ ၉ ရက်ကစပြီး နန့်ယားကျေးရွာရှိ  ခမရ ၁၂၀ကို KIA ပူးပေါင်းတပ်တွေက သွားရောက် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။

ဧပြီ ၁၀ ရက် ညမှာ စစ်ကောင်စီတပ်တွေ နန့်ယားစခန်းကနေ စတင်စွန့်ခွာထွက်ပြေးနေပြီဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာတော့ KIA တပ်တွေဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကာ  လက်နက်ခဲယမ်းနဲ့ စစ်ကောင်စီတပ်သားတချို့ကို ဖမ်းဆီးရမိပါတယ်။

KIA    ရှေ့တန်းနဲ့ နီးစပ်သူတဦးက“စကစ တပ်သားဖမ်းမိတာလည်း ရှိပါတယ်။ အရေအတွက် တော့ အတိအကျ မသိရသေးဘူး။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတာတွေ ရှိပါတယ်။ သူတို့ဘက်က အကျအဆုံးများပါတယ်။ သူတို့ဖမ်းထားတဲ့ ကားပေါ် လက်နက်ကြီးကျပြီး ပေါက်ကွဲခဲ့တော့။ အခုတော့ နယ်မြေရှင်းလင်းရေး လုပ်ပြီးပါပြီ”လို့ပြောပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင်ပြီး အကုန်ထွက်သွားတာဖြစ်ပြီး ဒီမနက်ပိုင်းမှာ အရှင်းဖြစ်သွားပြီလို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ နောက်တဦးက ပြောပါတယ်။

"မနေ့က (ဧပြီ ၁၀) မနက် ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ နန့်ယား ခလရ - ၁၂၀ စစ်ကောင်စီ တပ်စခန်း ဒီ‌နေ့ ဧပြီလ ၁၁ ရက်နေ့ မနက် အယောက် ၅၀ ကျော် လက်နက်ချ သွားတယ်။ ရှမ်းနီ ပြည်သူ့စစ်တွေရောပါတယ်။” 

အဲဒီ စစ်ကောင်စီ တပ်စခန်းက ဖားကန့် - မြစ်ကြီးနားလမ်းမှာ ဌာနဆိုင်ရာ ပေါင်းစုံထိုင်တဲ့ အဓိက စစ်ဆေးရေးဂိတ် ဖြစ်တယ်လို့ ဆိုပါတယ်။ 

KIA အရာရှိ တဦးက "လက်နက်ချသွားတာ။ ရှမ်းနီ စစ်သားတွေရော စစ်ကောင်စီ စစ်သားတွေရောပဲ။ အင်အားက ၅၀ လောက်ပဲ။ ၂၀၀ တော့ မဟုတ်ဘူး။ အဲမှာက အင်အား အများကြီး မရှိနိုင်ဘူး၊ မနေနေနိုင်ဘူး။" လို့ ပြောပါတယ်။ 

နန့်ယား စစ်ကောင်စီ ဂိတ်တပ်စခန်းဟာ KIAတပ်မဟာ ၉၊ တပ်ရင်း ၄၄ ထိန်းချုပ်နယ်မြေမှာရှိပြီး ဧပြီ ၁၀ ရက် ည ၁၀ နာရီလောက်က အလံဖြူ စထောင်ထားပေမဲ့ ဒီနေ့မနက်မှ ရှင်းလင်းရေးလုပ်ပြီး သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။ 

နနဲ့ယားက ဒေသခံတွေက ပြီးခဲ့တဲ့ ၂ ပတ်လောက်ကတည်းက ကြိုတင်‌တိုက်ပွဲလွတ်ရာ ရှောင်ထားကြတယ်လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ ဧပြီ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ချီဖွေခရိုင်၊ ဆော့လော် ခလရ - ၂၉၈ စစ်ကောင်စီ နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေအကြားလည်း တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ် သူတွေဆီက သိရပါတယ်။  

မြစ်ကြီးနားခရိုင် ဆင်ဘိုမြို့အခြေစိုက် စစ်ကောင်စီ ခလရ ၁၄၁ ကို ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ ပူးပေါင်းအဖွဲ့က ဧပြီ ၁၀ ရက် မနက်မှစတင်ကာ တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"မနက် ၉ နာရီလောက်က ခလရ ၁၄၁ တပ်စခန်း အတိုက်ခံရတာ။ လက်နှက်ကြီးတွေနဲ့လည်း ပစ်တယ်၊ လေယာဉ်တွေနဲ့လည်း ဗုံးကြဲနေတယ်။ ထိခိုက်မှု အခြေနေတော့ မသိရသေးဘူး၊ ညနေ ၅ နာရီလောက်အထိ ပစ်နေတာ၊ ဒေသခံတွေကလည်း ရှောင်နေကြတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီဘက်က လေကြောင်းကနေလည်း လာရောက် ဗုံးကြဲ ပစ်ခတ်ခဲ့ပြီး ဧပြီ  ၉ ရက်က ၆ ကြိမ်၊ ၁၀ ရက်က ၄ကြိမ် လာရောက်ပစ်ခတ်ခဲ့သလို လက်ရှိစခန်းသိမ်းပိုက်လိုက်နိုင်တဲ့ အခုမနက်ပိုင်းအထိ လေကြောင်းနဲ့ ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း ပစ်ခတ်မှုကြောင့် လူနေအိမ်နဲ့ ယာတဲတွေအပါအဝင် ၁၀ လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နန့်ယားကျေးရွာနဲ့ အနီးတဝိုက်က ကျေးရွာတွေကတော့ ပြီးခဲ့တဲ့ အပတ်လောက်ကတည်းက တိမ်းရှောင်နေကြတာဖြစ်တာကြောင့် ပြည်သူတွေ ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

နန့်ယားကျေးရွာက နန့်ယားစစ်ကောင်စီတပ်စခန်းဟာ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်မှာရှိပြီး ခရီးသွားပြည်သူတွေနဲ့ ကုန်ကားတွေ ခရီးတထောက်နားတဲ့ နေရာလည်း ဖြစ်ပါတယ်။

နန့်ယားစစ်ကောင်စီဂိတ်ဟာ ဖားကန့်ကို တက်လာတဲ့ ခရီးသွားပြည်သူတွေနဲ့ ကုန်ကားတွေကို အစစ်အဆေးကြမ်းတမ်းတဲ့ ဂိတ်ဖြစ်ပြီး ဆန်ကား၊ စက်သုံးဆီသယ်ကားတွေနဲ့ ဆေးဝါးတွေကို သယ်ခွင့်မပြုတဲ့ ဂိတ်လည်း ဖြစ်ပါတယ်။

 KIA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဟာ ဆင်ဘိုမြို့မ ရဲစခန်းကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

မြစ်ကြီးနားမြို့ တောင်ဘက် မိုင် ၆၀ ခန့်အကွာ ဆင်ဘိုမြို့ အနောက်ဘက် တမိုင်ခန့်အကွာမှာရှိတဲ့ စစ်ကောင်စီ ခလရ ၁၄၁ ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကစ အခု ဧပြီလအထိ ဖားကန့်လမ်းပေါ်က ဝှေခါ၊ နန့်တိန်၊ တာမခန်၊ ကသိုဏ်းတောင်၊ နမ့်မှော် အနီးက တန် - ၃၀၀၀၊ ဆယ်ဇင်းရဲစခန်းနဲ့ အခု နန့်ယား စစ်ကောင်စီ စခန်း၊ ရဲစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက် ရရှိထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013