DVB Logo
Home
မြန်မာသတင်း
အပူချိန်များသဖြင့် တရက်တည်း လူ ၃ ဦး သေဆုံး
DVB
·
April 10, 2024
အပူချိန်များသဖြင့် တရက်တည်း လူ ၃ ဦး သေဆုံး
Donate to DVB

ရန်ကုန်နဲ့ မန္တလေးမှာ ဧပြီ ၉ ရက်က ဦးဇင်းတပါး အပါအဝင် လူ ၃ ဦးဟာ အပူချိန်ကြောင့် ရုတ်တရက်မူးလဲပြီး ဦးနှောက်သွေးကြောပြတ် သေဆုံးခဲ့တယ်လို့ မြို့ခံ လူမှုကူညီရေးအသင်း တွေက ပြောပါတယ်။

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်း၊ ပင်းယမှတ်တိုင်အနောက်၊ အမှတ် ၃ ဝိုင်း၊ ဝမ်းတော်ပြည့် ဘုန်းကြီးကျောင်းဘေးမှာ မွန်းလွဲ ၂ နာရီလောက်က ဦးဇင်းတပါး ရုတ်တရက် လဲကျပြီး မေ့မြောနေခဲ့ပါတယ်။

တောင်ဥက္ကလာပ အရပ်ဘက်အသင်းဝင်တဦးက “၃ ဝိုင်းကျောင်းမှာ သီတင်းသုံးတဲ့ ဦးဇင်းပါ။ အပြင်ဘက် နေပူထဲထွက်လာချိန် မေ့လဲကျသွားလို့ ရပ်ကွက်နေသူတွေက ဖုန်းဆက်ပြောတာ။ အသင်းကရောက်သွားတော့ ဦးဇင်းက အသက်မရှိတော့ဘူး” လို့ ပြောပါတယ်။

မေ့မြောနေသူဟာ ၃ ဝိုင်းကျောင်းနေ သက်တော် ၄၀၊ တဝါရှိ ဦးဇင်းတပါးဖြစ်ပြီး သက်ဆိုင်ရာနဲ့ အရပ်ဘက်အသင်းတွေ ရောက်ရှိစစ်ဆေးချိန်မှာ ပျံလွန်နေပြီ ဖြစ်တာကြောင့် ရုပ်အလောင်းကို အရပ်ဘက်အသင်းယာဉ်နဲ့ မြောက်ဥက္ကလာပ မေဓာဝီဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ စိတ္တသုခလမ်းထိပ်၊ မြို့သစ်ဈေးကနေ ပေါက်တောဝသွားတဲ့ဘက်မှာ ညနေ ၄ နာရီခွဲလောက်က လမ်းသွားလမ်းလာတဦး လဲကျနေတာကို ရပ်ကွက်နေသူတွေက အကြောင်းကြားတာကြောင့် အရပ်ဘက်အသင်းက သွားရောက်ကူညီခဲ့ပါတယ်။

အင်းစိန်မြို့ခံ အရပ်ဘက်အသင်းဝင်တဦးက “ဖြစ်တဲ့နေရာက အင်းစိန်မြို့သစ်အပိုင်းမှာပါ။ လူနာက လမ်းသွားလမ်းလာပါ။ အခြေခံလက်လုပ်လက်စားပုံစံပါ။ သူက ပစ်လဲကျကတည်းက ဆုံးသွားတာ။ မိသားစုနဲ့ အဆက်အသွယ်မရသေးလို့ PR နဲ့ပဲ ထားပေးထားပါတယ်” လို့ ပြောပါတယ်။

ကယ်ဆယ်ရေးအသင်းတွေ ရောက်ရှိစစ်ဆေးချိန်မှာ အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတဦးဟာ ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ဦးနှောက်သွေးကြောပြတ် သေဆုံးနေတာကို တွေ့ခဲ့ကြပါတယ်။

သေဆုံးသူရဲ့ နာမည်၊ လိပ်စာ၊ မိသားစုတွေနဲ့ အဆက်အသွယ် မရသေးတာကြောင့် ရုပ်အလောင်းကို အင်းစိန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပိုင်ရှင်မဲ့အမှတ် PR 015 နဲ့ ပို့ဆောင်ပေးထားပါတယ်။

မန္တလေး၊ ချမ်းအေးသာဇံမြို့နယ်၊ ဈေးချို‌တော်၊ ၂၈ လမ်း × ၂၉ လမ်းနဲ့ ၈၅ လမ်း × ၈၆ လမ်း ကြားမှာ ဧပြီ ၉ ရက် မနက် ၉ နာရီလောက်က အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတဦး ဈေးဝယ်နေရင်း မေ့လဲနေခဲ့တာကြောင့် အရပ်ဘက်အသင်းက မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

မြို့ခံတဦးက “အန်တီကြီးတယောက် လဲကျသွားတာ ဟုတ်ပါတယ်။ လူနာတင်ယာဉ်နဲ့ လာခေါ်သွားတယ်။ ဖြစ်တဲ့အချိန်က မနက်ပိုင်းကြီးပဲ ရှိသေးတယ်” လို့ ပြောပါတယ်။

မေ့လဲသွားသူဟာ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ ချမ်းသာရဘုရားအနီးမှာ နေထိုင်ကာ ဈေးဝယ်ထွက်လာရာမှ အခုလိုဖြစ်ပြီး ဆေးရုံအရေးပေါ်အရောက်မှာ သေဆုံးသွားတာလို့ ဆိုပါတယ်။

အပူချိန်ကြောင့် လူသေဆုံးမှုအထိ ဖြစ်ပွားခဲ့တဲ့ ဧပြီ ၉ ရက်‌‌ နေ့အပူအချိန်တွေဟာ မန္တလေးမြို့မှာ အမြင့်ဆုံးအပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်ကနေ အနိမ့်ဆုံး ၂၆ ဒီဂရီစင်တီဂရိတ် ရှိပြီး ရန်ကုန်မြို့မှာ အမြင့်ဆုံး ၃၉ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၄ ဒီဂရီစင်တီဂရိတ် အထိ ရှိတယ်လို့ မြန်မာမိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက တိုင်းထွာထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်ကလည်း ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီးအနီးက ဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်နေရင်း အသက် ၅၀ အရွယ် အမျိုးသားတဦး မူးလဲ သတိလစ်ခဲ့သလို အလုံမြို့နယ်၊ သခင်မြပန်းခြံအနီးက ၅၇ ကားမှတ်တိုင်မှာလည်း ဧပြီ ၄ ရက် ညနေ ၃ နာရီခွဲလောက်က အသက် ၃၀ ကျော်အရွယ် အမျိုးသားတဦး အပူရှပ် သတိလစ်နေခဲ့လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို အရပ်ဘက်အသင်းတွေက ပို့ဆောင်ပေးခဲ့ရပါ‌တယ်။

ဓာတ်ပုံ- လူမှုကူညီရေးအသင်းများ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အပူချိန်များသဖြင့် တရက်တည်း လူ ၃ ဦး သေဆုံး