Home
မြန်မာသတင်း
လွိုင်ကော်မြို့က စစ်ကောင်စီတပ် အခြေချနေရာများကို တော်လှန်ရေးတပ်များ ပိတ်ဆို့ထား
DVB
·
April 10, 2024

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာရှိတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် - ဒကစ အပါအဝင် စစ်ကောင်စီက အခြေချ တပ်စွဲထားတဲ့ တပ်ရင်းဌာနချုပ်တွေ၊ အမြောက်တပ်နေရာတွေကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားနိုင်ပြီး လွိုင်ကော်မြို့အတိုင်းအတာနဲ့ ၆၀ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ပြီလို့ မြေပြင်တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

​ရှေ့တန်း တော်လှန်ရေးရဲဘော်တဦးက “အခုက ပြောင်းပြန်ပဲ၊ ကျနော်တို့ ဆန္ဒပြတုန်းက ဒီကောင်(စစ်သား)တွေကို ရှောင်ရတယ်၊ ရှားရတယ် ဖမ်းမှာကြောက်တာကိုး။ အခုကတော့ ဒီကောင်တွေက တပ်စွဲထားတဲ့ နေရာတွေကကို ထွက်မလာရဲတော့ဘူး။ အမြောက်တပ်ကနေ တချက်တချက် ထုနေတာတော့ ရှိတယ်။ ကျနော်တို့ နယ်မြေရှင်းလင်းတွေ ထွက်လို့ရတယ်။ သူတို့ရဲ့ တပ်ရင်းနေရာတွေမှာပဲ သူတို့ရှိကြတော့တယ်။ တမြို့လုံးအတိုင်းအတာဆိုရင်တော့ ၆၀ ရာခိုင်နှုန်းလောက် ပြောလို့ရမယ်။ တပြည်နယ်လုံးဆို ၈၀ ရာခိုင်နှုန်းပေါ့” လို့ DVB ကို ပြောပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က စတင်ကာ လွိုင်ကော်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ၅ လခန့် ကြာမြင့်လာတဲ့ အနေအထားအထိ မြို့တော် လွိုင်ကော်ကို သိမ်းပိုက်ထားနိုင်ခြင်းတော့ မရှိသေးပါဘူး။

“နှစ်ဖက်လုံးကတော့ လောလောဆယ် ငြိမ်နေကြတယ်။ သူတို့(စစ်သား)တွေဘက်က နည်းနည်းကျော်ထွက်လာတာ လှုပ်ရှားမှုရှိတာ ဆိုရင်တော့ ကျနော်တို့ဘက်က ပစ်တယ်။ လွိုင်ကော်ရဲ့ တချို့ရပ်ကွက်တွေကတော့ စစ်မရှောင်ကြရဘူး။ စစ်တပ်တွေလည်းရှိတယ်။ တချို့လည်း စစ်ရှောင်တယ်၊ ခဏပဲ ပြန်လာကြတယ်။ ဆိုတော့ လုံးဝမရသေးတဲ့ နေရာတွေလည်း ရှိပါတယ်” လို့ ရှေ့တန်း တော်လှန်ရေးရဲဘော်တဦးက ​ပြောပါတယ်။

လက်ရှိမှာ စစ်ဆင်ရေးလှုပ်ရှားမှုတွေ ရှိနေသေးတဲ့အပြင် မိုင်းတွေလည်း ကုန်စင်အောင် ရှင်းလင်းတာမျိုး မပြုလုပ်ရသေးတာကြောင့် စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ဖို့တော့ အဆင်မပြေသေးဘူးလို့ သိရပြီး စစ်ကောင်စီကတော့ ကရင်နီပြည်နယ် တပြည်နယ်လုံးကို လေကြောင်းကနေ ကင်းထောက်တာတွေ ပြုလုပ်နေဆဲဖြစ်ပြီး မော်ချီး၊ နန်းမယ်ခုံ၊ ရှားတောနဲ့ မယ်စဲ့မြို့တွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ကာ မယ်စဲ့နဲ့ မော်ချီးမြို့မှာတော့ IEC ရဲ့ ပြည်သူ့အုပ်ချုပ်ရေး စတင်လည်ပတ်နေပြီ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024