DVB Logo
Home
မြန်မာသတင်း
ပုလောတွင် မတ်လအတွင်း ဒရုန်းစစ်ဆင်ရေး အကြိမ် ၃၀ ခန့် ပြုလုပ်ခဲ့၊ Federal Wings အဖွဲ့က ကိုယ်ပိုင်ဒီဇိုင်းအသစ် ဒရုန်းများ အသုံးပြုတိုက်ခိုက်
DVB
·
April 10, 2024
ပုလောတွင် မတ်လအတွင်း ဒရုန်းစစ်ဆင်ရေး အကြိမ် ၃၀ ခန့် ပြုလုပ်ခဲ့၊ Federal Wings အဖွဲ့က ကိုယ်ပိုင်ဒီဇိုင်းအသစ် ဒရုန်းများ အသုံးပြုတိုက်ခိုက်
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ကောင်စီရဲ့ စခန်းတွေနဲ့ ပျူစောထီးတပ်စွဲရာ နေရာတွေကို ဒရုန်းစစ်ဆင်ရေး အကြိမ် ၃၀ ခန့် ပြုလုပ်ခဲ့ပြီး ဗုံးသီး ၁၀၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းက ဧပြီ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းက ပုလောမြို့နယ်အတွင်းရှိ ပလမြို့၊ ပလောက်မြို့၊ မီးလောင်ချောင်းရွာ၊ ရှပ်ပုံရွာ၊ ပြည်ခြားရွာ၊ ထမင်းမစားရွာနဲ့ တိုတောင်ပေါ်ရှိ စစ်ကောင်စီရဲ့ စခန်းတွေကို ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ရဲဘော်တွေက ပြောပါတယ်။

ဒရုန်းစစ်ဆင်ရေးတာဝန်ခံက “မတ်လအတွင်းမှာ နေ့စဥ်နဲ့မပြတ် နေရာစုံကို ကျနော်တို့ တိုက်ခိုက်ခဲ့တယ်။ ဒရုန်းနဲ့ သီးသန့်စစ်ရေးဖော်ဆောင်တာရော၊ မြေပြင်တိုက်ပွဲတွေမှာရော ဝင်ကူပေးတာတွေ လုပ်ခဲ့တယ်။ နောက်ထပ်လည်း စစ်ကောင်စီရဲ့ စခန်းတွေကို အရှိန်မြှင့် တိုက်ခိုက်သွားဖို့ရှိတယ်” လို့ ပြောပါတယ်။

“ဒရုန်းဝယ်ယူဖို့ အခက်အခဲတွေ၊ တိုက်ပွဲဖော်ဆောင်ဖို့အတွက် သွားလာရ စရိတ်တွေအတွက် ငွေကြေးအခက်အခဲတော့ ရှိတယ်။ တချို့စစ်ဆင်ရေးတွေဆို ဆိုင်ကယ်ဆီကို အကြွေးထည့်ပြီး သွားဖော်ဆောင်တာတွေလည်း ရှိတယ်။ ပြည်သူတွေအနေနဲ့လည်း ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေမှာ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းရဲ့ အတည်ပြုချက်အရ စစ်ကောင်စီဘက်က အရာရှိတဦး အပါအဝင် ၄ ဦးသေဆုံးပြီး စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ နောက်ထပ် စစ်ရေးအရှိန် မြှင့်ဖို့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ စခန်းတွေ၊ ပျူစောထီးတွေရဲ့ တပ်စွဲထားတဲ့ နေရာတွေနဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးတွေ အနီးနားမှာ မနေထိုင်ကြဖို့ အသိပေးချင်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ကလည်း ပြီးခဲ့တဲ့ မတ်လအတွင်းမှာ စစ်ကောင်စီရဲ့ ခလရ ၂၈၅ တပ်ရင်း အပါအဝင် စခန်းပေါင်း ၁၅ ခုကို ဒရုန်းနဲ့ ဗုံးသီးအလုံးရေ ၈၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Federal Wings အဖွဲ့ကလည်း မြေပြင်တိုက်ပွဲတွေရဲ့ အတွေ့အကြုံတွေ၊ လိုအပ်ချက်တွေ၊ ပြုပြင်လွယ်မှုတွေကို ပေါင်းစပ်ပြီး ကိုယ်ပိုင်ဒီဇိုင်းသစ်နဲ့ ဒရုန်းကို ထုတ်လုပ်ကာ မြေပြင်မှာ အသုံးပြုနေပြီလို့ ဧပြီ ၈ ရက်က ထုတ်ပြန်ထားပါတယ်။

ကိုယ်ပိုင်ဒီဇိုင်းအသစ်နဲ့ ဒရုန်းတွေကို ကရင်နီပြည်ရဲ့ စစ်မျက်နှာပြင်တွေမှာ အသုံးပြုနေတာလို့ သိရပါတယ်။

ဒီဇိုင်းအသစ်က တည်ဆောက်မှုပုံစံ ရိုးရှင်းပြီး တပ်ဆင်ရလွယ်ကူတာ၊ ကျောပိုးပြီး သယ်ဆောင်သွားလာနိုင်တာ၊ အရင်က ဒရုန်းရဲ့ ကိုယ်ထည်ထက် အလေးချိန် ပိုမိုလျော့နည်းသွားတာတွေ ရှိလာတယ်လို့ ဆိုပါတယ်။

ကိုယ်ပိုင်ဒီဇိုင်းအဖြစ် ကြိုးစားအားထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ နည်းပညာကို အားပြုပြီး မြေပြင်ရဲဘော်တွေရဲ့ အသက်ကို အတတ်နိုင်ဆုံး ချွေတာနိုင်ဖို့နဲ့ ပြည်သူလူထုကို ထိခိုက်မှုမရှိစေဘဲ ရန်သူကိုသာ တိတိကျကျ တိုက်ခိုက်ထိုးနှက်နိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

Federal wings ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “လက်ရှိအ​ခြေနေအရတော့ ကျနော်တို့ အသေးစိတ်ပြောလို့ မရသေးပါဘူး။ လက်ရှိ ပြောပြလို့ရတဲ့ အတိုင်းအတာထိပဲ ထုတ်ပြန်ထားတာပါ” လို့ ပြောပါတယ်။

အရင်က ဒီဇိုင်းမှာ စိုက်ပျိုးရေးသုံး (သံဖရိန်) ဒရုန်းကိုယ်ထည်တွေကို ထုပ်ပိုးပြင်ဆင်ပြီး အသုံးပြုရာမှာ အလေးချိန်တွေများပြီး ဒရုန်းတစီးရဲ့ စွမ်းဆောင်ရည်တွေ အပြည့်မရခဲ့ပေမဲ့ အခု ကိုယ်ပိုင်ဒီဇိုင်းမှာတော့ ကာဗွန်ဖိုက်ဘာတွေကို အစားထိုးပြီး ပိုမိုအဆင်ပြေအောင် ပြုပြင်ပြောင်းလဲလိုက်ပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ပုလောတွင် မတ်လအတွင်း ဒရုန်းစစ်ဆင်ရေး အကြိမ် ၃၀ ခန့် ပြုလုပ်ခဲ့၊ Federal Wings အဖွဲ့က ကိုယ်ပိုင်ဒီဇိုင်းအသစ် ဒရုန်းများ အသုံးပြုတိုက်ခိုက်