DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဒုံ ထောက်ပို့တပ်နှင့် ရဲစခန်း ပြင်းအားမြင့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ
DVB
·
April 10, 2024
မင်္ဂလာဒုံ ထောက်ပို့တပ်နှင့် ရဲစခန်း ပြင်းအားမြင့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် ၃၂၃ စစ်ကောင်စီ ထောက်ပို့တပ်နဲ့ မြို့မရဲစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမပေါ်ရှိ အမှတ် ၃၂၃ ထောက်ပို့တပ်စခန်း အဝင်‌ကို မြောက်ဥက္ကလာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ NOKA UG တို့က ဧပြီ ၉ ရက် ည ၇ နာရီ ၅၅ မိနစ်လောက်မှာ ပြင်းအားမြင့်မိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မြောက်ဥက္ကလာ ပကဖ တပ်ခွဲ ၂ တာဝန်ရှိသူက “၃၂၃ က ပြည်လမ်းပေါ်မှာပါ။ မိုင်း ၂ လုံးနဲ့ အပေါက်ဝနေရာမှာ ဖောက်ခွဲနိုင်ခဲ့တယ်။ စစ်တပ်ဘက်က ထိခိုက်မှုရှိနိုင်ပါတယ်။ ရဲဘော်တွေ ဘေးကင်းပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ထောက်တိုင်မှန်သမျှကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပြီး သင်္ကြန်မဏ္ဍပ်တွေနဲ့လည်း ခပ်ဝေးဝေးနေထိုင်ဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းနဲ့ ခရေပင်လမ်းထောင့်က မင်္ဂလာဒုံမြို့မရဲစခန်းဘက်မှာ ဧပြီ ၁၀ ရက် မနက်ကလည်း ပေါက်ကွဲသံတွေ ကြားခဲ့ရသလို လူနာတင်ယာဉ်တွေ ဖြတ်သန်းသွားတာကို မြင်လိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရဲစခန်းအနီးမှာ ချထားတဲ့ မိုင်းတွေကို စစ်ကောင်စီဘက်က ရှင်းလင်းဖို့ ကြိုးစားရာကနေ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး မိုင်းတပ်ဆင်ရေးကိုတော့ Dark Shadow YGN UG ရဲ့ Urban Freedom စစ်ဆင်ရေးအနေနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မြို့ခံတဦးက “ညကလည်း တချက်ကြားရတယ်။ ဒီမနက် ရဲစခန်းဘက်မှာ။ DC ကား ၂ စီး တက်သွားတာ တွေ့တယ်။ Ambulance တွေလည်း ပါတယ်။ လမ်းပိတ်တာတော့ မရှိဘူး၊ မိန်းလမ်းဆိုတော့။ လမ်းဆုံက ဆိုင်ကယ် ကယ်ရီတွေတော့ မရှိကြတော့ဘူး” လို့ ပြောပါတယ်။

Dark Shadow အဖွဲ့ရဲ့ မြေပြင်သတင်းပေးချက်တွေအရ မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီရဲနဲ့ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပြီး ဒီတိုက်ခိုက်မှုကို ဧပြီ ၉ ရက် ညမှာ ဖောက်ခွဲဖို့ စီစဉ်ခဲ့ပေမဲ့ လုံခြုံရေးအရ မိုင်းတပ်ဆင်ထားခဲ့ကာ ရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ရာမှ ၁၀ ရက်နေ့မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝန်း တော်လှန်ရေးအရှိန်မြှင့်၊ နယ်မြေစိုးမိုးနေချိန်မှာ မြို့ပြလည်း မကျန်စေခဲ့ဘဲ စစ်ကောင်စီရဲ့ ဖိနှိပ်မှု၊ အုပ်ချုပ်မှုမှာ ရှင်သန်နေရတဲ့ မြို့ပြပြည်သူတွေအတွက် အရိပ်တပ်သားတွေရဲ့ “မြို့ပြလွတ်လပ်ရေး” စစ်ဆင်ရေးကို ဧပြီ ၁၀ ရက်မှာ စတင်ပြီလို့ Dark Shadow YGN UG အဖွဲ့က အသိပေးထားပါတယ်။

မင်္ဂလာဒုံမြို့နယ်မှာပဲ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်ကလည်း အောင်မင်္ဂလာ အဝေးပြေးကားဝန်း အရှေ့ရှိ စစ်ဘက်ရေးရာလုံခြုံရေး အကူတပ်နေရာကို မြို့ပြအထူးတပ်ဖွဲ့ Urban Special Force က လျှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013