Home
မြန်မာသတင်း
မြန်မာစစ်ဘေးရှောင် ၁ သိန်းထိ ယာယီလက်ခံမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော  
DVB
·
April 10, 2024

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကနေ စစ်ဘေးရှောင်လာကြမယ့် စစ်ဘေးဒုက္ခသည် ၁ သိန်းလောက်ကို ယာယီလက်ခံဖို့ ပြင်ဆင်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပမ်ပရီ ဖဟိဒါနုကွန်း က ဧပြီ ၉ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေအကြား ပြင်းထန်တဲ့ တိုက်ပွဲဖြစ်နေချိန် အခုလို ပြောဆိုလိုက်တာပါ။ 

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက “စစ်ဘေးရှောင်တွေကိစ္စ အချိန်အတိုင်းအတာတခုအထိ ကျနော်တို့ပြင်ဆင်ခဲ့တယ်။ စစ်ဘေးရှောင်လူဦးရေ ၁ သိန်းထိ ဘေးကင်းအောင်ယာယီလက်ခံထားနိုင်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်တွေကို လက်ခံထားဖို့စာချုပ် ကမ္ဘာ့ကုလသမဂ္ဂမှာ လက်မှတ်ထိုးထားတာမရှိပါဘူး။ ဒါပေမဲ့လည်း စစ်ဘေးရှောင်နဲ့ ရွှေ့ပြောင်းသွားလာသူတွေလို့လည်း ခွဲခြားတာ မရှိဘူး”လို့ ပြောပါတယ်။

မြဝတီဘက်မှာ တိုက်ပွဲတွေကြောင့် မြန်မာဘက်က စစ်ဘေးရှောင်တွေ အတော်များများထိုင်းဘက်ပြေးလာကြတယ်၊ အခြေအနေငြိမ်ရင် ပြန်သွားကြတယ်၊ လတ်တလောအခြေအနေမှာ မြန်မာဘက်က စစ်ဘေးရှောင်တွေ အမြောက်အမြား ဝင်လာတာ မရှိသေးပေမဲ့ လာတော့လာနေကြပါပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

တိုက်ပွဲဖြစ်နေပေမဲ့ ထိုင်း-မြန်မာနယ်စပ်ဂိတ်ကတော့ ပုံမှန်ဖွင့်နေဆဲ၊ သွားလာလို့ ရနေဆဲဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်မှုတွေ လျော့ပါးသွားပေမဲ့ လုံးဝပြတ်တောက်တာမရှိ သေးဘူးလို့ မန်နေဂျာအွန်လိုင်း သတင်းမှာ ဖော်ပြပါတယ်။

မြဝတီ-မဲဆောက်ကြားက ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် ချစ်ကြည်ရေးဂိတ်ပေါက်ဟာ မြန်မာနဲ့အိမ်နီးချင်းနိုင်ငံတွေကြား ဂိတ်ပေါက်တွေထဲမှာ တတိယအကြီးဆုံးဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း နယ်စပ်ကုန်သွယ်ရေးဝင်ငွေ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၁၀၀ သန်းရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့  စီးပွားကူးသန်းဌာနရဲ့စာရင်းကို ကိုးကားပြီး ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းက မြန်မာစစ်ဘေးရှောင်တွေလက်ခံမယ်လို့ ပြောတဲ့အပြင် တဘက်မှာလည်း မြန်မာ ဘက်ကတိုက်ပွဲကြောင့် ထိုင်းဘက်ကို ထိခိုက်မှုမရှိစေဖို့ ထိုင်းစစ်တပ်လုံခြုံရေးတွေ တိုးမြှင့်ချထားပြီး အချိန်ပြည့်ကင်းလှည့်နေကြတယ်လို့ ထိုင်း PBSသတင်းမှာ ဖော်ပြပါတယ်။ 

Source: MGR Online/Thai PBS

Photo- MOFA-Thai

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024