DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံထဲ ဝင်လာသူများကို ဖမ်းဆီးပြန်မပို့ရန် အရပ်ဘက်အဖွဲ့များ တောင်းဆို
DVB
·
April 9, 2024
စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံထဲ ဝင်လာသူများကို ဖမ်းဆီးပြန်မပို့ရန် အရပ်ဘက်အဖွဲ့များ တောင်းဆို
Donate to DVB

စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ အိမ်နီးချင်း ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်တာတွေ ရှိတာကြောင့် ဖမ်းဆီး ပြန်ပို့တာထက် လူသားချင်း စာနာထောက်ထားတဲ့ ဖြေရှင်းမှုမျိုး လုပ်သင့်တယ်လို့ ကူညီပေးသူတွေနဲ့ အရပ်ဘက် အဖွဲ့တွေက ပြောပါတယ်။ 

စစ်တပ် အာဏာမသိမ်းခင်ကတည်းက စစ်ရေး ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို ပြည်သူတွေ ရွှေ့ပြောင်းသွားလာတာ ရှိနေပြီး၊ အာဏာသိမ်းပြီးနောက်ပိုင်းနဲ့ စစ်မှုထမ်းဥပဒေ ပြန်အသက်သွင်းပြီးနောက်ပိုင်း ပြည်ပထွက်ခွာတာ၊ နယ်စပ်ဖြတ်ကျော် ဦးရေ တရှိန်ထိုး မြင့်တက်လာပါတယ်။

ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် လူငယ်လူလတ်ပိုင်းအရွယ်တွေဟာ စစ်ထဲမဝင်ရရေး ပြည်ပနိုင်ငံတွေနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံဆီကို တရားဝင်ရော၊ တရားမဝင် နည်းလမ်းတွေနဲ့ပါ ဝင်ရောက်လာတာပါ။ နေ့စဉ်နဲ့အမျှ နယ်စပ်လမ်းကြောင်းတွေကနေ တရားမဝင် ဝင်ရောက်မှုနဲ့ မြန်မာတွေ ရာထောင်ချီ ဖမ်းဆီးခံနေရပါတယ်။

ဒါ့အပြင် တရားဝင်လမ်းနဲ့ ဗီဇာလျှောက်ပြီး လာရောက်သူတွေကိုပါ ထိုင်းဘက်က တင်းတင်းကျပ်ကျပ် စစ်ဆေးကာ အထောက်အထား မပြည့်စုံဘူးလို့ ယူဆရသူတွေကို မြန်မာနိုင်ငံဘက် ပြန်ပို့တဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။

ဦးထူးချစ် (FED Foundation အမှုဆောင်ဒါရိုက်တာ) က “စစ်မှုမထမ်းမနေရ ဥပဒေ ပါလာတော့ လူတွေကို ပိုပြီးတော့ ဒီဘက်ကို ရောက်အောင် တွန်းပို့လိုက်သလို ဖြစ်တယ်။ ကျနော်တို့ နေ့တိုင်း ပတ်စ်ပို့နဲ့ ဗီဇာ ရတဲ့လူတွေကိုတောင် လေယာဉ်ကွင်းတွေကနေ ပြန်ပို့တာတွေ ရှိတယ်။ ဥပမာ - ဖူးခတ်လေယာဉ်ကွင်းကနေ ပြန်ပို့တာတွေ၊ ဘန်ကောက်မှာလည်း လေဆိပ်ကနေ ပြီးခဲ့တဲ့ တပတ်က ကျနော်တို့နဲ့ သိတဲ့ မိတ်ဆွေတွေ ပြန်ပို့ခံရတာတွေရှိတယ်။ ဒီကိစ္စက ထိုင်းအစိုးရအနေနဲ့ စနစ်တကျ ဆွေးနွေးသင့်တယ်။ ဥပမာ လေယာဉ်ကွင်းမှာ လာပြီး အပြန် လေယာဉ်လက်မှတ်ဝယ်ပြီး ပြန်ပို့ခံရတာက တော်တန်ရုံ တခြားနိုင်ငံတွေက ရှားရှားပါးပါး ဖြစ်တယ်။ ကျနော်တို့ လူမျိုးတွေက နေ့တိုင်းနီးပါး အဲ့လိုမျိုး ပြန်ပို့ခံရတာတွေ ရှိတယ်” လို့ ပြောပါတယ်။

စစ်မှုထမ်းဥပဒေကြေညာပြီးတဲ့နောက် ထိုင်းနိုင်ငံကို တရားဝင် လာရောက်သူတွေကို ကြိုဆိုပြီး တရားမဝင် ရောက်လာသူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် ဆေထားထဝီဆင်က ဖေဖော်ဝါရီလအတွင်းက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၊ လုံခြုံရေးဌာနတွေ ပါဝင်တဲ့ အရေးပေါ် အစည်းအဝေး တရပ်ကိုလည်း ဧပြီ ၉ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ပြည်ပကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ လူငယ်တွေဟာ ရာဇဝတ်သားတွေ မဟုတ်တဲ့အတွက် လူသားချင်း စာနာထောက်ထားမှုနဲ့ ဆောင်ရွက်ပေးဖို့၊ အထူးသဖြင့် စစ်မှုထမ်းဥပဒေကြောင့် ရွှေ့ပြောင်းလာတဲ့ လူငယ်တွေကို နေရပ်ပြန်မပို့ဖို့ အရပ်ဘက်အဖွဲ့တွေက တောင်းဆို ထောက်ပြကြပါတယ်။

မခင်ဥမ္မာ (Progressive Voice တည်ထောင်သူ) က “သူတို့ဘက်ကို ကျမတို့ အကြံပြု တောင်းဆိုထားတာက နံပါတ် ၁ က ဝင်လာတဲ့ လူငယ်တွေကို ပြန်မပို့ဖို့၊ ဖမ်းပြီးတော့ ပြန်ပို့တဲ့ ကိစ္စ မလုပ်ဖို့။ ဒီလူငယ်တွေက ရာဇဝတ်သားတွေ မဟုတ်ဘူး။ ပြီးရင် သူတို့ရဲ့ ယာယီနေထိုင် ခိုလှုံခွင့် အကာအကွယ် အစောင့်အရှောက်ကို အစိုးရရဲ့ ယာယီ မူဝါဒအရပဲဖြစ်ဖြစ် သေသေချာချာလေး ကိုင်တွယ်ဖြေရှင်းပြီး လုပ်ဖို့။ ဖမ်းလိုက် ရဲစခန်းထဲ ပို့လိုက်၊ လူဝင်မှု ကြီးကြပ်ရေး ထောင်ထဲပို့လိုက်၊ ငွေတောင်းပြီး လာဘ်လာဘ်ယူ လုပ်လိုက် ဒါမျိုးလုပ်တာက သူတို့ ထိုင်းနိုင်ငံအတွက် ရေရှည် တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော် အပေါ်မှာလည်း အကျိုး ယုတ်စေပါတယ်” လို့ ပြောပါတယ်။

စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက်ပိုင်း ထိုင်းကို တရားမဝင် ရွှေ့ပြောင်းသွားလာသူတွေထဲ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အကူအညီ တောင်းလာသူတွေကို ကူညီပေးနေရတယ်လို့ မဲဆောက်အခြေစိုက် New Myanmar Foundation မှ ဒေါက်တာ စန်းအောင်က  ပြောပါတယ်။

“မဲဆောက်မှာ ရောက်နေတဲ့ လူငယ် ၂၅၀ လောက် ကျနော်တို့ကို အဆက်သွယ်လုပ်တယ်။ ၂၀၀ လောက်က အစားအသောက် စားနပ်ရိက္ခာ တောင်းတာ။ ၁၅၀ လောက်က ပေးပြီးသွားပြီ။ ကျန်တဲ့ ၅၀ ထပ်ပေးမယ်။ အယောက် ၅၀ လောက်ကတော့ နေရာထိုင်ခင်း shelter တောင်းတာ။ ၃၀ လောက်တော့ ပေးပြီးသွားပြီ။ အဲဒါကတော့ အခြေအနေပါ။ နောက်တခုက အထဲမှာရှိတဲ့ PDF တွေကော EAos တွေမှာလည်း လူတွေ အများကြီးရောက်တော့ စားနပ်ရိက္ခာတွေ အခက်အခဲ ဖြစ်တယ်။ အဲဒါတွေလည်း ကူညီပေးမယ်။”

အလုပ်သမားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ တရားဝင်လိုင်စင်နဲ့ လုပ်ကိုင်နေတဲ့ ပြည်ပအလုပ် အကိုင်အေဂျင်စီ ၅၀၀ ကျော်ရှိပြီး ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ထိုင်း၊ ကူဝိတ်၊ ကာတာ၊ ယူအေအီး၊ ကိုရီးယား၊ တူရကီ စတဲ့ နိုင်ငံတွေကို သွားရောက်လုပ်ကိုင်ဖို့ စီစဉ်ပေးရတယ်လို့ ဆိုပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားဦးရေ ၆ ဒသမ ၈ သန်းကျော် ရှိတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့တွေက ခန့်မှန်းထားပါတယ်။ တရုတ်နယ်စပ် ရွှေလီမှာတော့ မြန်မာအလုပ်သမား အနည်းဆုံး ၅ သိန်းလောက် ရှိပြီး မလေးရှားမှာ ၈ သိန်းကျော်နဲ့ စင်ကာပူမှာ ၂ သိန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013