DVB Logo
Home
Lead Story
စစ်တပ်ဖွဲ့စည်းပုံ ပျက်ခြင်းလော၊ ချဲ့ကားခြင်းလော
DVB
·
April 9, 2024
စစ်တပ်ဖွဲ့စည်းပုံ ပျက်ခြင်းလော၊ ချဲ့ကားခြင်းလော
Donate to DVB

မြန်မာစစ်တပ်ရဲ့ တိုင်းမှူး၊ တပ်မမှူး အပြောင်းအလဲတွေ ခပ်စိပ်စိပ် ပြုလုပ်ခြင်းဟာ စစ်ဘက် လေ့လာသူတွေအကြားမှာ သတိပြုစရာ ဖြစ်လာခဲ့သလို စစ်ပွဲအပေါ်မှာ သက်ရောက်မှု ရှိ၊ မရှိလည်း သုံးသပ်ကြလေ့ရှိပါတယ်။ အသစ်လဲလိုက်တဲ့ တိုင်းမှူး၊ တပ်မမှူးဟာ ဘယ်လိုလူလဲ၊ စစ်ဆင်ရေးအတွေ့အကြုံ များပြားခဲ့သလား ဆိုတာ ဝေဖန်ဆန်းစစ်ကြလေ့ရှိပြီး စစ်ရေးအခြေအနေကို အသာစီး ပြန်လည်ရရှိအောင် စွမ်းဆောင်နိုင်စွမ်း အလားအလာ ရှိ၊ မရှိ သုံးသပ်ကြလေ့ရှိပါတယ်။

ထို့အတူ မြန်မာစစ်တပ်ဟာ ဖွဲ့စည်းပုံပျက်နေပြီ၊ ဖွဲ့စည်းပုံကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်စွမ်း မရှိပြီလို့လည်း မကြာခဏ ရည်ညွှန်းကြလေ့ ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ မြန်မာစစ်တပ်ဟာ ဖွဲစည်းပုံပျက်နေသလား၊ သို့တည်းမဟုတ် ဖွဲ့စည်းပုံ ချဲ့ကားထားလွန်းပြီးမှ အင်အားလိုအပ်ချက်ကို အလျဥ်မီအောင် ဖြည့်ဆည်းနိုင်စွမ်း မရှိတာလားဆိုတာ စာရေးသူအမြင်အရ ခပ်သော့သော့ ရှင်းပြလိုတာပဲ ဖြစ်ပါတယ်။

မြန်မာစစ်တပ်မှာက ဗိုလ်မှူးကြီးနဲ့အထက်ကို အရာရှိကြီးအဆင့် ထိပ်ပိုင်းခေါင်းဆောင် အဆင့်လို့ သတ်မှတ်ပါတယ်။ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ် အဆင့်တွေဟာ ဖောင်းပွနေတော့ တိုင်းမှူး၊  စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခမှူး)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစမှူး)၊ အခြေချစစ်ဗျူဟာ (စဗခမှူး) စသဖြင့်  လဲချင်သလို လဲလို့ရနေပါတယ်။

အခြားအဆင့်တွေတက်ရတဲ့ တန်းမြင့်လေ့ကျင့်ရေးကျောင်းအုပ်လို နေရာမျိုးက ဒုဗိုလ်မှူးကြီးလောက် ထားရမှာဖြစ်ပေမဲ့ ရာထူးဖောင်းပွနေတော့ ဗိုလ်မှူးချုပ်အဆင့် ထားရပါတယ်။ ရာထူးသာ ဗိုလ်မှူးချုပ် ဖြစ်ပေမဲ့ ကွပ်ကဲရတာက လူတရာမပြည့်သလို ဖြစ်နေတာ အပွင့်အခွေပဲ ရှိ၊ တပ် မရှိ ဆိုသလို ဖြစ်နေတာကြာပါပြီ။ အခြားအဆင့်တပ်သား ဝင်နှုန်းသာနည်းတာ တနှစ်တနှစ်ကို DSA, DSTA, DSMA နဲ့ OTS ကဆင်းတဲ့ အရာရှိ စုစုပေါင်းက ထောင်ဂဏန်းလောက် ရှိပါတယ်။ ထိပ်ပိုင်းရာထူးတွေမှာ ပြည့်လျှံနေ၊ လစ်လပ်ရာထူးရယ်လို့ မရှိ၊ ရှိခဲ့ရင်လည်း ထိုနေရာမှာ ခန့်အပ်ဖို့ အရာရှိ ရာဂဏန်းလောက် တိုးဝှေ့စောင့်ဆိုင်းနေကြရတာမျိုး ဖြစ်ပါတယ်။ ဗိုလ်ကြီးဘဝကနေ ရာထူးဆက်မတက်တဲ့ အရာရှိငယ် အများအပြားပါ။

လောက်ကိုင်မှာ လက်နက်ချသွားတဲ့ အင်အား ၄,၀၀၀ ကို ဗိုလ်မှူးချုပ် ခြောက်ယောက်နဲ့ အချိုးချကြည့်ရင် ဗမခ တယောက် ကွပ်ကဲရတဲ့ အင်အားက ၇၀၀ လောက်ပဲ ရှိပါတယ်။

ဖောင်းပွလာတဲ့ အရာရှိကြီး အင်အားအတွက် နေရာပေးဖို့ ဖွဲ့စည်းပုံတွေ ချဲ့ရပါတယ်။ တခါမှ မကြားဘူးတဲ့ ရာထူးအသစ်တွေ ဖန်တီးရပါတယ်။ အဆင့်တိုးမြှင့်ဖို့ စောင့်နေတဲ့ အရာရှိကြီးတွေ အများအပြား ရှိနေပါတယ်။

ထိုင်းစစ်တပ်မှာဆိုလည်း ဗိုလ်ချုပ်ကြီးတွေက ၁,၅၀၀ ကျော်လောက် ရှိပါတယ်။ တပ်သား ၂၀၀ ကို ဗိုလ်ချုပ်ကြီးတဦးနှုန်းလို့ ဆိုကြပါတယ်။ ရာထူးရှိပြီး လုပ်ပိုင်ခွင့်မရှိကြ၊ ထိုင်းဘုရင်လာရင် အလေးပြုမယ်၊ တံခါးဖွင့်မယ်၊ ထီးလိုက်မိုးမယ်၊ လက်အုပ်ချီမယ်ဆိုတဲ့ အဆင့်လောက်ပါပဲ။

မြန်မာစစ်တပ်မှာက ဒုတပ်ရင်းမှူးအဆင့် ဗိုလ်မှူးတယောက် စခန်းထိုင်ရင် ပျမ်းမျှ အင်အား သုံးဆယ်လောက်ပဲ ရှိပါတယ်။ တပ်ရင်းတရင်းအနေနဲ့ တပ်ရင်းမှူး ဦးစီးစစ်ကြောင်း၊ ဒုတပ်ရင်းမှူး ဦးစီးစစ်ကြောင်းဆိုပြီး စစ်ကြောင်းနှစ်ခု ခွဲထွက်ရင် စစ်ကြောင်းတခုမှာ အင်အား ၅၀ လောက်ပဲ ပါနိုင်တော့ပါတယ်။

ဒါကြောင့် စစ်ကြောင်းထိုးတဲ့အခါ ဘေးနံတပ် မထားနိုင်တော့ပါဘူး။ ပွိုင့် မပြေးခိုင်းနိုင်တော့ဘူး၊ နောက်ချန်တပ်ခွဲ မရှိတော့ဘူး။ စစ်မင်းလိုရာ သွားပါလေ ဆိုတာက စာအရပဲ ရှိတော့တယ်။ ဘယ်လိုမှကို လုံခြုံစွာ မသွားနိုင်တော့တာပါ။

ယခင်က တပ်ရင်းမှူးတယောက် ကျဆုံးဖို့ဆိုတာ အတော်ကြီးကို ခက်ပါတယ်။ အခုကတော့ ဗိုလ်မှူးချုပ်အဆင့်တွေထိ အကျအဆုံး ရှိလာနေပါပြီ။

ချဲ့ကားထားလွန်းတဲ့ ဖွဲ့စည်းပုံကြီးကို ဖောင်းပွလွန်းတဲ့ အရာရှိတွေ နေရာချထားပေမဲ့ တပ်သားသစ် စုဆောင်းရရှိမှု နည်းပါးလွန်းတဲ့အခါ အလုပ်မဖြစ်တဲ့ ဖွဲ့စည်းပုံကြီး ဖြစ်လာပါတယ်။ ချဲ့ထားတဲ့ ဖွဲ့စည်းပုံအလိုက် ဖြည့်တင်းပေးရမယ့် အခြားအဆင့်အင်အားက အများအပြား လိုအပ်ပါတယ်။ လက်တွေ့မှာ မဖြည့်တင်းနိုင်ပါဘူး။

နောက်တချက်ကတော့ ဖွဲ့စည်းပုံ ချဲ့ထားတာကြောင့် ဦးရေးထောက်မှာ အလုပ်ပိုလာစေပါတယ်။ COC ရဲ့ အဆင့်တွေ မလိုအပ်ဘဲ ရှည်လျားသွားစေပြီး စစ်ဆင်ရေးလုပ်နိုင်စွမ်း ကြန့်ကြာစေ ထိခိုက်သွားစေပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် NDC မှာ ကာကွယ်ရေးပညာ မဟာဘွဲ့အတွက် သင်တန်းသားအရာရှိတွေ တင်သွင်းကြတဲ့ စာတမ်းတွေ လေးငါးခု လေ့လာဖူးသလောက်ကတော့ သူတို့ သုတေသနလုပ်တဲ့ နယ်ပယ်တွေက ပြည်သူ့စစ်မဟာဗျူဟာအကြောင်း၊ ပြောက်ကျား တန်ပြန်ပြောက်ကျားအကြောင်း၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ စစ်ဖြစ်ခဲ့သော် ဘယ်လိုပြင်ရမလဲတွေ၊ ခေတ်သစ်စစ်ပွဲ အယူအဆ နည်းပညာအကြောင်းတွေချည်းသာ များပါတယ်။

မြန်မာစစ်တပ်ရဲ့ အခြေအနေမှန်ကို သုတေသနပြုဖို့၊ ရိုးရှင်းအလုပ်ဖြစ်တဲ့ ကွပ်ကဲမှုပုံစံတွေ လေ့လာပြင်ဆင်ဖို့ ဆိုတဲ့ ခေါင်းစဥ်မျိုး Army Reform စာတမ်းတွေ သိပ်မတွေ့ရပါဘူး။ အဲဒီခေါင်းစဥ်တွေနဲ့ စာတမ်းတင်မယ်ဆိုရင်လည်း အကျင့်ပျက် ခြစား၊ ရာထူးဖောင်းပွနေတဲ့ တပ်အတွင်း မေးခွန်းထုတ်စရာ ဂယက်ထလာစရာ ဖြစ်လာမှာမို့ ကျမ်းခေါင်းစဥ် အတင်ခံမှာ မဟုတ်ပါဘူး။

ဆိုတော့ ချုပ်ရရင် ဖွဲ့စည်းပုံပျက်နေတာ မဟုတ်ဘူး၊ ချဲ့ကားလွန်းနေတာ ဖြစ်ပါတယ်။ ယနေ့ စစ်ရှုံးနေရတဲ့ အကြောင်းအရင်းက မလိုအပ်တဲ့ COC အဆင့်တွေ ရှည်လျားလာတာ။ စစ်ဌာနချုပ်တွေသာ များပြားလာပြီး အခြားအဆင့်အင်အား မလုံလောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါက မိမိအနေနဲ့ မြန်မာစစ်တပ်အပေါ် မြင်ရသလောက် သုံးသပ်ကြည့်ရုံသက်သက် ဖြစ်ပါတယ်။

အကျင့်ပျက် ခြစားတာတွေ၊ အခြားအဆင့်ဘဝ လူ‌မွေးလူရောင် မပြောင်တာတွေ၊ လူမှုစီးပွား နိမ့်ကျလွန်းတာတွေအပေါ် ထည့်မသုံးသပ်ထားပါဘူး။ မြန်မာစစ်တပ်ကတော့ ဒီအားနည်းချက်တွေ အခုမှ လိုက်ပြင်နေတာမျိုး တွေ့ရ၊ အထူးသဖြင့် စစ်ကိုင်းတိုင်းမှာ  စစ်ဆင်ရေး အနည်းအကျဥ်း ပြန်အဆင်ပြေလာမှု တွေ့ရပါတယ်။ မလိုအပ်တဲ့ ကွပ်ကဲမှုအဆင့် ရှည်လျားခြင်းကို ဖြတ်တောက် ချုံ့ပစ်လာကြပါတယ်။ သို့ပေမဲ့ မြန်မာစစ်တပ်ဟာ စစ်ရှုံးနေပြီးသား ဖြစ်နေခဲ့ပါပြီ။

ပြင်နေလို့လည်း မထူးတော့ပြီ၊ ပြောင်းလဲလို့လည်း မနိုင်တော့ပြီဘဲ ဖြစ်ပါတယ်။

မောင်မိုးမာန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013