DVB Logo
Home
မြန်မာသတင်း
ချွန်းပူးရီးခရိုင်တွင် အထောက်အထားမရှိသည့် မြန်မာအလုပ်သမား ၅၀ အဖမ်းခံရ 
DVB
·
April 8, 2024
ချွန်းပူးရီးခရိုင်တွင် အထောက်အထားမရှိသည့် မြန်မာအလုပ်သမား ၅၀ အဖမ်းခံရ 
Donate to DVB

ထိုင်းအရှေ့မြောက်ပိုင်း ချွန်းပူးရီးခရိုင်ထဲမှာ ၁၀ ဘီးကားနဲ့ လိုက်ပါလာတဲ့ မြန်မာ ၇၄ ဦး တားဆီးစစ်ဆေးခံရပြီး အဲဒီထဲက အယောက် ၅၀ ဟာ အထောက်အထားမရှိတဲ့အတွက် ဖမ်းဆီးခံရတယ်လို့ ချနယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

ဧပြီ ၇ ရက်က ချွန်းပူးရီးခရိုင် အမြန်လမ်းရဲတပ်ဖွဲ့၊ လဝကရဲနဲ့ နယ်မြေခံရဲ တပ်ဖွဲ့ဝင်တွေဟာ အမှတ် ၃၄၄ အဝေးပြေးလမ်းမကြီးပေါ်မှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးစဉ် အဖြူရောင် ဟီးနိုးဆယ်ဘီးကားတစီး နောင်ယိုင်မြို့နယ် ဟွေ့မလအုပ်စုအပိုင်းကို မောင်းဝင်လာကြောင်း၊ ကားပေါ်က လူတချို့ဟာ နောက်ခန်းဘော်ဒီဘောင်ပေါ်မှာ ထိုင်လျက် ပါလာတာကြောင့် မတော်တဆအန္တရာယ်ဖြစ်နိုင်တာကြောင့် ကြိုတင်သတိပေးဖို့ တားဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါကားပေါ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၄ ဦး လိုက်ပါလာကြောင်း၊ တာဝန်ရှိသူတွေက အထောက်အထားစစ်ဆေးရာမှာ ၂၄ ဦးသာ အလုပ်သမားကတ်၊ နေထိုင်ခွင့် အထောက်အထားတွေ ပြနိုင်ပြီး ကျန်အယောက် ၅၀ က ဘာအထောက်အထားမှမရှိဘူးလို့ ဆိုပါတယ်။

အဆိုပါ အယောက် ၅၀ မှာ အသက် ၁၉ နှစ်မှ ၄၅ နှစ်ရွယ် အမျိုးသား ၄၈ ဦး အမျိုးသမီး ၂ ဦးဖြစ်ကြောင်း၊ ယာဉ်မောင်းကတော့ ထိုင်းအမျိုးသား နိုင်းဝိချန်းဖြစ်ပြီး သူကတော့ ကားမောင်းရမယ့် တာဝန်ရှိလို့ တင်လာခဲ့တာဖြစ်ကြောင်း၊ ကားပေါ်လိုက်လာသူတွေ လက်မှတ် ရှိမရှိ မသိရဘူးလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက ကားသမားနဲ့ မြန်မာအလုပ်သမား ၅၀ ကို လဝကဥပဒေနဲ့ အရေးယူဖို့ ရဲစခန်းကို ခေါ်သွားကြောင်း၊ သူတို့တွေ ဘယ်ကလာလို့ ဘယ်ကိုသွားမလဲဆိုတာတော့ သတင်းထဲမှာ အသေးစိတ်မဖော်ပြထားပါဘူး။ 

ဧပြီ ၇ ရက် တနေ့တည်းမှာပဲ ကန်ကျနပူရီခရိုင် ထောင်းဖာဖုမ်းမြို့နယ်ထဲမှာ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၇၃ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။ 

ထောင်းဖာဖုမ်မြို့နယ် ရာဘာတောအနီးမှာ မသင်္ကာဖွယ်ဆိုင်ကယ်တွေ ရပ်ထားကြောင်း ရွာသား တွေက သတင်းပေးတဲ့အတွက် အုပ်ချုပ်ရေး၊ လဝက၊ နယ်ခြားစောင့်တပ်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်မြေထဲသွားရောက်စစ်ဆေးခဲ့ပါတယ်။ 

ရာဘာတောအနီးမှာ လူတစု ဟိုင်းလပ်စ်ကားပေါ် တက်နေစဉ် တာဝန်ရှိသူတွေကို လှမ်းမြင်တော့ ရာဘာတောထဲ ထွက်ပြေးသွားကြကြောင်း၊ တာဝန်ရှိသူတွေက လူစုခွဲပြီး လိုက်ဖမ်းရာ အဲဒီတောထဲကနေ တရားမဝင်မြန်မာ ၇၃ ဦး (ကျား ၅၅ ဦး မ ၁၈ ဦး) ကို ဖမ်းမိခဲ့ကြောင်း၊ ကားသမားကတော့ ထွက်ပြေးလွတ်မြောက်သွားပြီး ကားထဲမှာ ၉မမ ပစ္စတိုတလက်နဲ့ ကျည်ဆန် ၂၂ တောင့်ပါ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးရမိသူတွေမှာ အသက် ၁၈ မှ ၃၀ ကြား လူငယ်လူရွယ်တွေဖြစ်ပြီး စစ်ဘေးနဲ့ အဓမ္မစစ်သား စုဆောင်းခံရတာတွေကြောင့် ထွက်ပြေးလာကြောင်း၊ ပွဲစားကို တဦးလျှင် ဘတ် ၁၅,၀၀၀ ကနေ ၃၀,၀၀၀ ထိ ပေးခဲ့ရတယ်။

ဘုရားသုံးဆူဘက်ကနေ ထိုင်းနယ်စပ်ထိ လမ်းလျှောက်ဝင်တယ်၊ အဲဒီနောက်လှေစီးပြီး ချောင်းကို ကျော်ဖြတ်ရတယ်၊ ဆိုင်ကယ်က တကြိမ်လျှင် လူ  ၁ - ၂ ဦး သယ်ဆောင်ပြီး ရာဘာတောထဲ လာစုထားတယ်၊ ထိုင်းအတွင်းပိုင်းဝင်ဖို့ ကားနဲ့ လာကြိုစဉ် အဖမ်းခံရတယ်လို့ ဝန်ခံသွားပါတယ်။ 

ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ထဲမှာလည်း ဒီနှစ်အတွင်း တရားမဝင်မြန်မာနိုင်ငံသား ၄၄၇ ဦး ဖမ်းဆီးရမိတယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

Source: TNA/Ch7

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013