DVB Logo
Home
မြန်မာသတင်း
တရုတ်က မြန်မာအတွက် အကြီးဆုံးစီးပွားဖက်ဖြစ်နေ၊ တရုတ်အပေါ် ကဏ္ဍစုံတွင် ပိုမှီခိုနေရမှု စိုးရိမ်စရာဟု ရှုမြင်ကြ
DVB
·
April 8, 2024
တရုတ်က မြန်မာအတွက် အကြီးဆုံးစီးပွားဖက်ဖြစ်နေ၊ တရုတ်အပေါ် ကဏ္ဍစုံတွင် ပိုမှီခိုနေရမှု စိုးရိမ်စရာဟု ရှုမြင်ကြ
Donate to DVB

တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက် အကြီးဆုံးစီးပွားဖက်ဖြစ်နေတာက စိုးရိမ်စရာဖြစ်နေပြီး တရုတ်အပေါ် ကဏ္ဍစုံမှာ ပိုမှီခိုနေရမှု စိုးရိမ်စရာလို့ ရှုမြင်ကြတယ်လို့ ISP Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်းရဲ့ သဘောထားအမြင် စစ်တမ်း ၂၀၂၃ မှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး တရုတ်က မြန်မာနိုင်ငံအတွက် အကြီးဆုံး စီးပွားဖက်ဖြစ်နေခြင်းကို စိုးရိမ်စရာလို့ ထင်မြင်သူ ၆၄ ရာခိုင်နှုန်းရှိနေပြီး ကြိုဆိုစရာလို့ ထင်မြင်သူ ၃၁ ရာခိုင်နှုန်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖြေဆိုသူ ၉၆ ရာခိုင်နှုန်းက ကုန်သွယ်ရေးမှာ မှီခိုနေရတယ်လို့ ဆိုကြပြီးတော့ ၉၁ ရာခိုင်နှုန်းက ရင်းနှီးမြှုပ်နှံမှုနဲ့ ၈၇ ရာခိုင်နှုန်းက သံတမန်ရေးမှီခိုမှုလို့ ဖြေဆိုခဲ့ကြတာ ဖြစ်ပါတယ်။ အရင်နှစ်စစ်တမ်းနဲ့ နှိုင်းယှဥ်ပါက ရလဒ်ပြောင်းလဲမှုတချို့ ရှိခဲ့ပြီး အရင်နှစ်က ကုန်သွယ်ရေးမှာ မှီခိုရတာက  အခုနှစ်နည်းတူ အများဆုံးဖြစ်ပေမဲ့ ဒုတိယနေရာမှာတော့ သံတမန်ရေးနဲ့ တတိယနေရာမှာ ငြိမ်းချမ်းရေးဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်-မြန်မာဆက်ဆံရေးအပေါ်  ISP Myanmar အဖွဲ့က ၂၀၂၂ ခုနှစ်က စတင်ကာ နှစ်စဉ် ပြုလုပ်နေတာဖြစ်ပြီးတော့ တရုတ်-မြန်မာ ဆက်ဆံရေးကို ပုံဖော်နေတဲ့ အခြေခံ အကြောင်းအရာတွေကို မြန်မာ့မူဝါဒအသိုက်အဝန်းမှာ ကျင်လည်နေသူတွေက ဘယ် လောက်နားလည်တယ်၊ တူညီအမြင်တွေ ဘယ်လိုရှိပြီး ဘယ်လိုကွဲလွဲကြတယ်ဆိုတာတွေကို ဆန်းစစ်ဖို့နဲ့ လက်တွေ့မျက်တွေ့ကွာဟချက်တွေကို ပိုင်းခြားစိတ်ဖြာသုံးသပ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ 

အခုဒုတိယအကြိမ်စစ်တမ်းမှာတော့ မြန်မာ့မူဝါဒအသိုက်အဝန်း ၆ ခုက လူပုဂ္ဂိုလ် ၂၅၀ ကို မေးခွန်း ၁၀၀ မေးမြန်းထားကာ စစ်တမ်းကောက်ယူမှုကိုတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တမ်းထဲမှာတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ငြိမ်းချမ်းရေးမှာ တရုတ်နိုင်ငံရဲ့ပါဝင်မှု၊ တရုတ်-မြန်မာ စီးပွားရေးဆိုင်ရာ မေးခွန်းတွေနဲ့ တရုတ်နိုင်ငံအပေါ် ဘက်အသီးသီးရဲ့ ယေဘုယျသဘောထားအမြင်၊ ထင် မြင်ယူဆချက်တွေလည်း ပါဝင်နေတဲ့အပြင် တရုတ်နိုင်ငံရဲ့ ရပ်ဝန်းလမ်းကြောင်း စီမံကိန်း၊ ဒေသတွင်းပေါင်းစည်းရေး အစီအမံတွေနဲ့ ဆွဲဆောင်မှုကိုအသုံးပြုတဲ့ အာဏာဩဇာ (Soft Power) တည်ဆောက်မှု၊ တရုတ်နိုင်ငံထုတ် နည်းပညာပစ္စည်းတွေ အသုံးပြုမှုနဲ့ အဲဒီအပေါ် ယုံကြည်မှုအမြင်တွေလည်း ပါဝင်တယ်လို့ ISP Myanmar အဖွဲ့က ပြောပါတယ်။

စစ်တမ်းရလဒ်တွေအရ တရုတ်နိုင်ငံကို အိမ်နီးချင်းကောင်းအဖြစ် ရှုမြင်သူနဲ့ အိမ်နီးချင်းကောင်းမဟုတ်ကြောင်း ထင်သူတို့အကြား ကွာဟချက် ကြီးမားမှုမရှိပေမယ့် စီးပွားရေး အရလွှမ်းမိုးမှုနဲ့ အကြီးမားဆုံးစီးပွားဖက်ဖြစ်နေခြင်းအပေါ် စိုးရိမ်မှုများကြတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အာဏာသိမ်းမှုအလွန် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နိုင်ငံရေးနဲ့ သံတမန်ရေးကိစ္စတွေကနေ နည်းပညာ၊ လုံခြုံရေးကဏ္ဍအထိ တရုတ်နိုင်ငံကို ပိုမှီခိုလာရကြောင်းလည်း ယူဆကြတာကို တွေ့ရပါတယ်။ 

တခြားတဖက်မှာတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက အာဏာကိုင်စွဲထားသူ ဘယ်သူနဲ့မဆို ဆက်ဆံရေးအဆင်ပြေလိုတယ်လို့ ထင်မြင်ကြကာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတယ်ဆိုတဲ့ ထင်မြင်ချက်ကလည်း သိသိသာသာ အလေးသာနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ သူတို့ရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေကို အကောင်အထည်ဖော်ဖို့ ဒေသတွင်းအစီအမံတွေမှာ မြန်မာနိုင်ငံကိုထည့်သွင်းပြီး အလုံးစုံ ခင်းကျင်း ပြင်ဆင်နေတဲ့တိုင်အောင် အဆိုပါအစီအမံတွေကို မြန်မာ့မူဝါဒအသိုက်အဝန်းမှာ ‘မသိသူ’ များပြားနေတာက ထူးခြားနေတယ်လို့လည်း ISP Myanmar အဖွဲ့က သုံးသပ်ထားတာပါ။

လက်ရှိအချိန်မှာတော့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းတွေ အကောင် အထည်ဖော်မယ်ဆိုပါက ‘သဘောမတူ’ကြောင်း ဖြေဆိုကြပြီး လာမယ့် သုံးနှစ် (၂၀၂၆ ခုနှစ်) အလွန်ကာလမှာမှ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား စီးပွားဆက်ဆံရေး ပြန်ကောင်းနိုင်မယ်လို့လည်း ထင်မြင်ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ကာလတွေအတွင်း ဆွဲဆောင်မှုကိုအသုံးပြုတဲ့ အာဏာဩဇာနဲ့ မြန်မာ နိုင်ငံအတွင်း တရုတ်နိုင်ငံက အလွှာစုံဆက်ဆံရေး တည်ဆောက်ခဲ့ပေမဲ့ တရုတ်နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေးဖွံ့ဖြိုးမှုပုံစံနဲ့ တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီတို့ကို ‘အတုယူစရာမဟုတ်’ဆိုတဲ့ ရှုမြင်ချက်တွေကတော့ အားကောင်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အဆိုပါ တရုတ်နိုင်ငံရဲ့ အုပ်ချုပ်ရေးပုံစံက ‘အတုယူစရာမဟုတ်’ ဆိုတဲ့အမြင်ကို တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေ (EAOs) အကြား အများဆုံးတွေ့ရတဲ့အပြင် တဖက်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက EAOs တွေအပေါ် တရုတ်နိုင်ငံက လွှမ်းမိုးမှုရှိတယ် ဆိုတဲ့ အမြင်က ဖြေဆိုသူအများစုမှာ ဆက်ရှိနေပြီး ‘စစ်ဆင်ရေး ၁၀၂၇’ကြောင့် တရုတ်နိုင်ငံအပေါ် သဘောထား အပြောင်းအလဲမရှိကြောင်းလည်း အများစုက ဖြေဆိုခဲ့ကြတယ်လို့ ISP Myanmar အဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013