DVB Logo
Home
မြန်မာသတင်း
မိုးမောက်မြို့အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦး သေဆုံး၊ နှစ်ဖက် စစ်ရေးတင်းမာနေ
DVB
·
April 7, 2024
မိုးမောက်မြို့အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦး သေဆုံး၊ နှစ်ဖက် စစ်ရေးတင်းမာနေ
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက်မြို့ အနီးမှာ မတ် ၇ ရက် မနက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ကချင်လွတ်လပ်ရေးတပ် (KIA)၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီဘက်က တပ်သား သုံးဦး သေဆုံးတယ်လို့ KPDF တပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။

စစ်ကောင်စီဘက်က သေဆုံးသူ ၃ ဦးအပြင် ဒဏ်ရာရရှိသူတွေလည်း ရှိသလို သေနတ် သုံးလက် သိမ်းပိုက်ရရှိတယ်လို့ ပြောပါတယ်။

“မနက်ပိုင်း ဖြစ်တယ်၊ နှစ်ဖက်တွေ့ပြီး ပစ်ခတ်ကြတာတဲ့၊ အဲမှာ သေနတ် သုံးလက်ရတယ်၊ ဒဏ်ရာရတဲ့သူတွေကော သုံး လေးယောက်လောက် ရှိတယ်၊ ပြီးတော့ အဲမှာ သုံးယောက် သေတယ်၊ အခုတော့ အဲဒီလိုပဲ သိရသေးတယ်။” 

တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ဖက်တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ မိုးမောက်မြို့နဲ့ မြို့ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ကြား နှစ်ဖက် စစ်ရေးတင်းမာနေဆဲ ဖြစ်သလို စစ်ကောင်စီဘက်က စစ်ကြောင်းတွေနဲ့ သွားလာနေတာတွေ ရှိတယ်လို့ မိုးမောက်မြို့ကနေ တိမ်းရှောင်နေတဲ့ ပြည်သူတဦးက ပြောပါတယ်။

“မိုးမောက်မှာက စစ်သား(စကစ)တွေကော စစ်သားတွေ တန်းစီပြီး လျှောက်သွားနေတာတွေ ရှိတယ်၊ မြို့ပြင်ဘက်မှာကော ရှိတယ်၊ မြို့အရှေ့ဘက်ရောက်လိုက် အနောက်ဘက် ရောက်လိုက်နဲ့ သွားနေတာ၊ သူတို့ စခန်းနဲ့ နီးတဲ့ ပတ်ဝန်းကျင်တွေမှာကော လျှောက်သွားနေတာ။ အဲဒါကြောင့် နေမယ် ဒီနေ့မနက် သေနတ်သံတွေ ကြားရတယ်တဲ့။ အဲဒီလိုဆိုတော့ နှစ်ဖက်စလုံး စောင့်ကြည့်နေတဲ့ သဘောထင်တယ်၊ ဘယ်အချိန် ပြင်းထန်လာမလဲ မသိဘူး။” 

မိုးမောက်မြို့က ပြည်သူအများစုကလည်း မိုးမောက်မြို့ပေါ် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ အခြေအနေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တိမ်းရှောင်နေတဲ့ မိုးမောက်ပြည်သူတဦးက ပြောပါတယ်။

“လွယ်ဂျယ် လမ်းဘက်ကော၊ မြစ်ကြီးလမ်းဘက်ကော စစ်တပ်(စကစ)တွေ မရှိတော့ဘူး ဆိုတော့ မိုးမောက်အလှည့်လည်း ရောက်လာမယ်ထင်လို့ တိမ်းရှောင်ကြတာ။ ပိုဆိုးတာက ခ.လ.ရ ၄၃၇ ကနေ ညအချိန် အရင်က လက်နက်ကြီး မြို့ထဲပစ်ထည့်တာတွေ ရှိတယ်၊ အိမ်တွေထိကုန်တာ လမ်းမပေါ်မှာတွေ ကျတော့ အားလုံးနီးပါး တိမ်းရှောင်နေရတယ်။ အခုက အိမ်စောင့်တဲ့သူနဲ့ တိမ်းရှောင်လို့ မရတဲ့သူတွေပဲ ကျန်နေတယ်၊ အိမ်ကလည်း မစောင့်ရင်မရဘူး။ ဘိန်းစားတွေကလည်း အရမ်းပေါတော့ အိမ်တွေကို သူတို့ကြိုက်သလို လုပ်လိုက်မှာ” လို့ ပြောပါတယ်။

မိုးမောက်မြို့က ပြည်သူအများစုဟာ မြို့ကနေ လုံခြုံတယ်လို့ ယူဆတဲ့ တောတောင်တွေနဲ့ ကျေးရွာတွေမှာ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

မိုးမောက်မြို့ပတ်ဝန်းကျင်မှာ လွယ်ဂျယ်-မိုးမောက် လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မတ် ၅ ရက် ၆ နဲ့ ရက်နေ့တွေမှာ ဖမ်းဆီးရမိတာရှိသလို မတ် ၇ ရက်မှာလည်း ထပ်မံသိမ်းပိုက်ရရှိတာတွေ ရှိတယ်လို့ KPDF တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေကနေ သိရပါတယ်။

မတ် ၇ ရက်က စတင်တဲ့ KIA နဲ့ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်တွေကြောင့် ဗန်းမော်မြို့ပေါ်က ပြည်သူတွေလည်း မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားလာမှာကို စိုးရိမ်တာကြောင့် ပြည်သူ အများအပြား တခြားမြို့တွေကို တိမ်းရှောင်နေကြပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013