DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ရှောင်များ နေရပ်မပြန်နိုင်ဘဲ အခက်ကြုံနေ
DVB
·
April 7, 2024
ရခိုင်စစ်ရှောင်များ နေရပ်မပြန်နိုင်ဘဲ အခက်ကြုံနေ
Donate to DVB

ရခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတို့အကြား လက်ရှိတိုက်ပွဲတွေကြောင့် မြို့နယ် ၁၇ မြို့နယ်အနက် ၁၅ မြို့နယ်က ဒေသခံ စစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်သေးဘဲ နီးစပ်ရာ ဆွေမျိုးအိမ်တွေနဲ့ ဘေးလွတ်ရာ နေရာတွေမှာ တိမ်းရှောင်နေရတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

ရမ်းဗြဲမြို့က စစ်ရှောင်တယောက်က “ကျနော်တို့ မြို့ကထွက်လာတာ ၄ လရှိပြီ။ အခုထိ ကိုယ့်အိမ်ကို ပြန်လို့မရသေးဘူး။ မြို့ထဲမှာ စစ်သားတွေ မရှိတော့ဘူး ဆိုပေမယ့် လေယာဉ်နဲ့ နေဗီက ရမ်းသန်းပြီး ပစ်နေသေးတယ်။ အခု စားသောက်စရာတွေကအစ ကျန်းမာရေးကိစ္စတွေမှာလည်း တော်တော်ကို အခက်အခဲဖြစ်နေပါတယ်။ တချို့အပျိုမလေးတွေဆိုရင် ပိုပြီးဒုက္ခရောက်တာပေါ့။ ညပိုင်းကျရင်လည်း ဘယ်အချိန် ဗုံးလာကြဲမလဲ ဆိုတဲ့စိတ်နဲ့ အိပ်လို့တောင် မပျော်ဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်နေ့စပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းမှာ အခုနှစ် မတ် ၂၁ ရက်နေ့အထိ စစ်ကောင်စီရဲ့ တိုက်ခိုက်ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၁၇၉ ယောက် သေဆုံးပြီး ၄၆၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Humanitarian and Development Coordination Office (HDCO) က ဧပြီ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လူသားချင်းစာနာထောက်ထားရေးနဲ့  ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ရဲ့  မှတ်တမ်းတွေအရ ၄ လကျော်ကြာတိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ အမျိုးသား ၁၁၅ ဦးနဲ့ အမျိုးသမီး ၆၄ ဦးရှိပြီး အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၃၉ ဦးအထိ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ကျောက်ဖြူမြို့က စစ်ရှောင်တယောက်က “ဗမာစစ်တပ်က မြို့ပေါ်မှာ မထင်ရင်မထင်သလို ဖမ်းဆီးနေလို့ ရွာဘက်ကို စစ်ဘေးရှောင်နေရတာ။ အခုဆို လမ်းတွေ လမ်းပိတ်ထားတော့ စားသောက်ဖို့ တောင်ကိုသွားပြီး ဟင်းခူးရင်လည်း မိုင်းတွေထောင်ထားတော့ လူတွေလည်းကြောက်လို့ မသွားရဲကြတော့ဘူး။ ကြာရင် ငတ်သေတော့မယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ၄ လတာကာလအတွင်း ဒဏ်ရာရရှိသူ အမျိုးသား ၂၇၀ ယောက်နဲ့ အမျိုးသမီး ၁၉၈ ဦးထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၁၂၄ ဦးပါတယ်လို့ HDCO ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ အမျိုးသား ၄၂၄ ဦးနဲ့ အမျိုးသမီး ၄၇ ဦး၊ စုစုပေါင်း ၄၇၁ ဦးရှိပြီး စစ်ဘေးရှောင်ဦးရေ ၃၅၈,၂၀၀ အထိရှိလာကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013