Home
သတင်းဓာတ်ပုံ
ရန်ကုန်တွင်ကျင်းပသည့် ထိုင်းထိပ်တန်းတက္ကသိုလ်များ၏ ပညာရေးပြပွဲ (ဓာတ်ပုံ)
DVB
·
April 7, 2024

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ထိုင်းထိပ်တန်းတက္ကသိုလ်တွေရဲ့ ပညာရေးပြပွဲကို ဒီကနေ့ ဧပြီ ၇ ရက်မှာ ပြုလုပ်သွားပါတယ်။

ဒီပွဲမှာ ထိုင်းနိုင်ငံရဲ့အထင်ကရတက္ကသိုလ်တွေမှာ တက်ရောက်ပညာသင်ကြားဖို့ လာရောက်စုံစမ်းတဲ့ မြန်မာကျောင်းသားလူငယ်တွေနဲ့ မိဘတွေ ထောင်ချီ တက်ရောက်ခဲ့ပြီး  ကြိတ်ကြိတ်တိုး စည်းကားခဲ့ပါတယ်။

ရန်ကုန်မြို့နေပြည်သူတွေအပြင် မန္တလေး၊ မြစ်ကြီးနားစတဲ့ ဒေသတွေကပါ လာရောက် ကြည့်ရှုကြပြီး ပြပွဲလာရောက်သူဦးရေ ၃၀၀၀ ကျော်လောက်အထိ ကြည့်ရှုသူဦးရေ များပြားခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ တက္ကသိုလ်တွေကနေ ဘွဲ့ရရှိထားတဲ့ မြန်မာကျောင်းသားဟောင်းများအသင်း (AMAUT)က ဒီပညာရေးပြပွဲကိုဦးဆောင်ကျင်းပတာဖြစ်ပြီး ၇ ကြိမ်မြောက်ကျင်းပတဲ့ အခု ပြပွဲမှာ‌တော့ ထိုင်းနာမည်ကြီး တက္ကသိုလ်တွေအပါအဝင် ကျောင်းပေါင်း ၃၂ ကျောင်းက လာရောက်ပြသခဲ့ပါတယ်။

ထိုင်းပညာရေးပြပွဲမှာ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေအရ ကျောင်းသားတွေအတွက် ပညာသင်ဆုတွေချီးမြှင့်တာအပြင် IELTS အမှတ်ကောင်းမွန်ပါက ကျောင်းလခတွေလျှော့ပေး တာ စတာတွေကို လာရောက်ပြသတဲ့ တက္ကသိုလ်တွေက မြန်မာကျောင်းသားတွေအတွက် ပြင်ဆင်လာကြပါတယ်။

ထိုင်းပညာရေးပြပွဲမှာ မြန်မာလူငယ်အများစုက ထိုင်းတက္ကသိုလ်ကပေးတဲ့ ပညာသင်ဆုတွေနဲ့ ပတ်သက်ပြီး လာရောက်ရှာဖွေ မေးမြန်းကြတာလည်းရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာ့ပညာရေးက အဘက်ဘက်ကနိမ့်ကျလာသလို စစ်မှုထမ်းဥပဒေကျင့်သုံးဖို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ ထုတ်ပြန်လိုက်ပြီးတဲ့နောက်မှာတော့ မြန်မာလူငယ်တွေဟာ နည်းအမျိုးမျိုးနဲ့ နေရပ်ကို စွန့်ခွာဖို ကြိုးစားနေကြပါတယ်။

ဒါကြောင့် မြန်မာနဲ့အနီးဆုံးမှာရှိပြီး သွားလာရလွယ်ကူတဲ့အပြင် နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ပါ ချိန်ဆက်နိုင်သလို စရိတ်စကလည်း သက်သာပြီး အထက်တန်းကအစ ပါရဂူဘွဲ့တွေ အထိတက်ရောက်နိုင်တဲ့အတွက် ထိုင်းပညာရေးပြပွဲကို ကျောင်းသားတွေနဲ့ ကျောင်းသား မိဘတွေကပါ စိတ်ဝင်တစားလာရောက်ကြည့်ရှုကြတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024