DVB Logo
Home
မြန်မာသတင်း
ဆိပ်ဖြူမြို့က လက်နက်စက်ရုံ နှင့် ဝိုင်းမော်က ပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရ
DVB
·
April 6, 2024
ဆိပ်ဖြူမြို့က လက်နက်စက်ရုံ နှင့် ဝိုင်းမော်က ပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က စစ်ကောင်စီရဲ့ လက်နက်စက်ရုံကို ဧပြီ ၅ ရက် မနက်အစောပိုင်းမှာ ရော့ကက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်းကိုလည်း ဧပြီ ၅ ရက် ညနေပိုင်းမှာ ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လေယာဉ်ဗုံးထုတ်လုပ်ရေးစက်ရုံတခုဖြစ်တဲ့ စလင်းမြို့နယ် ကပစ ၂၁ က လက်နက်ခဲယမ်းသိုလှောင်ရုံတွေ၊ အရာရှိလိုင်းခန်းတွေနဲ့ ထရန်စဖော်တို့ကို ပစ်မှတ်ထားပြီး ရော့ကက် ၂၅ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ Drone လက်ရုံးတပ်ဖွဲ့ဆီက သိရပါတယ်။

Drone လက်ရုံးတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်ကောင်းက “သူတို့က လေယာဉ်ဗုံးသီးကို အဓိကထား ထုတ်တာပေါ့နော်။ မကွေးလေတပ်ထဲကို MI 17 နဲ့ နေ့တိုင်း အသယ်အပို့ ရှိတယ်ပေါ့ဗျာ။ အဆောက်အအုံတွေ ထိတယ်ဗျ။ ဘယ်ရုံတွေ ထိတာမှန်း မသိလို့ဗျ။  Rocket 25လုံး ပစ်ထည့်ထားတာဆိုတော့ အထိအခိုက် အသေအပျောက်ရှိနိုင်တယ်ဗျ။ ကျနော်တို့ ပစ်ပြီး မကြာဘူး။ ဆိပ်ဖြူကနေ စစ်ကား ၁၀ စီး ထွက်လာပြီး ကပစ ၂၁ ထဲဝင်သွားတယ်လို့သိရတယ်။

အဲဒီတိုက်ခိုက်မှုကို မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ Drone လက်ရုံးတပ်ဖွဲ့ဖြစ်တဲ့ (Black Hawk) သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်းရေးတပ်ဦးက ဦးဆောင်ပြီး စလင်းမြို့နယ်ပကဖနဲ့ ဒေသခံပကဖတွေ ပူးပေါင်းလုပ်ဆောင်တာလို့ သူက ဆိုပါတယ်။

ဗိုလ်ကောင်းက “ရည်ရွယ်ချက်ကတော့ ပြည်သူတွေဆီကို ကြဲချနေတဲ့ ဗုံးသီးထုတ်လုပ်မှုတွေကို ဟန့်တားတဲ့ အနေနဲ့ရယ်၊ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကျဆုံးစေဖို့ အခုမစ်ရှင်ကို ဖော်ဆောင်ခဲ့တာပါ။ ၂၁  ရာစုရဲ့ခေတ်သစ်တော်လှန်းရေးတိုက်ပွဲဖြစ်တဲ့အတွက် Rocket တွေ Drone တွေဟာ  မဟာဗျူမြောက်လက်နက်တွေဖြစ်တာမို့ မိဘပြည်သူတွေအနေနဲ့ ပါဝင်ကူညီ ထောက်ပို့ပေးကြဖို့ တောင်းဆိုချင်ပါတယ်” လို့လည်း သူက ပြောပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်းကို ဧပြီ ၅ ရက် ညနေပိုင်းက ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဝူယန်ကျေးရွာမှာ ဂိတ်ထိုင်ထားတဲ့ လီဆူပြည်သူ့စစ်ဂိတ်ကို ကေအိုင်အေနဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့က ကားနဲ့ လာရောက် ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ညနေ ၆ နာရီလောက်က ဝူယန် ပြည်သူ့စစ်စခန်းကို ကေအိုင်အေအဖွဲ့က ကားနဲ့ရောက်လာပြီး ပစ်သွားတယ်။ ပြည်သူ့စစ်ဘက်ကလည်း လက်နက်ကြီးနဲ့ လှမ်းပစ်တာ  ၇ လုံးလောက်ရှိတယ်။  ကေအိုင်အေအဖွဲ့ ပြန်သွားတာတောင် ပြည်သူ့စစ်စခန်းထဲကနေ  သေနတ်နဲ့ တောက်လျှောက် ပစ်နေတာ။ ပြည်သူ့စစ်ဘက်က ထိခိုက်မှုတော့ရှိနိုင်တယ်” လို့ ပြောပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေကတော့ ထိခိုက်သေဆုံးတာနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတာ မရှိသေးဘဲ ဝူယန်ပြည်သူ့စစ်စခန်းကို  ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်  အောက်တိုဘာ ၁၂ ရက်နေ့ကလည်း ကေအိုင်အေနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013