DVB Logo
Home
မြန်မာသတင်း
အာဏာရှင်ဟောင်း ဦးသန်းရွှေကို တရုတ်သံအမတ် သွားရောက်တွေ့ဆုံ
DVB
·
April 5, 2024
အာဏာရှင်ဟောင်း ဦးသန်းရွှေကို တရုတ်သံအမတ် သွားရောက်တွေ့ဆုံ
Donate to DVB

နေပြည်တော် ခြောက်လုံးတန်းမှာနေထိုင်တဲ့ မြန်မာအာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်းဟိုင်းက သွားရောက်တွေ့ဆုံခဲ့တယ်လို့ တရုတ်သံရုံးက ဧပြီ ၅ ရက်မှာ WeChat လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ပါတယ်။

မြန်မာ့နှစ်သစ်ကူးအခါသမယ သွားရောက်နှုတ်ဆက် ဆုတောင်းပေးဖို့ သွားရောက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တွေ့ဆုံတဲ့ ရက်အတိအကျကို သတင်းမှာ ဖော်ပြခြင်းမရှိပေမဲ့ နေပြည်တော်ကို ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး နောက်တနေ့မှာ ဒီသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တွေ့ဆုံရာမှာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှု နောက်ဆုံးအခြေအနေတွေကို ဆွေးနွေးပြောဆိုခဲ့ကြပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံက အကူအညီတွေ ဆက်ပေးသွားမယ်လို့ တရုတ်သံအမတ်က ပြောပါတယ်။

မြန်မာခေါင်းဆောင်ဟောင်းတွေကလည်း ပြီးခဲ့တဲ့နှစ်တွေမှာ မြန်မာနိုင်ငံအတွက် ကဏ္ဍအားလုံးမှာ ကူညီထောက်ပံ့ပေးမှုတွေအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်တဲ့အကြောင်း၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ စီးပွားရေးနဲ့ လူမှုဘဝ ဖွံ့ဖြိုးရေးတွေမှာ အောင်မြင်ဖို့ တရုတ်နိုင်ငံက ဆက်လက်ကူညီမယ်လို့ မျှော်လင့်ကြောင်းနဲ့ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးတိုးတက်ဖို့ ဆက်လက်ကြိုးစားသွားဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တရုတ်သံအမတ်ကြီးနဲ့အဖွဲ့ဟာ မြန်မာ့စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ အနုပညာနယ်ပယ်က ရင်းနှီးတဲ့ မိတ်ဆွေတွေဆီလည်း သွားရောက်လည်ပတ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တွေ့ဆုံတဲ့အထဲမှာ နအဖစစ်အစိုးရ ဒုခေါင်းဆောင်ဟောင်း ဦးမောင်အေး၊ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သမီး ဒေါ်သန်းသန်းနု၊ အန်အယ်လ်ဒီ နာယကကြီး ဦးတင်ဦးတို့လည်း ပါဝင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

တရုတ်သံအမတ်နဲ့အဖွဲ့ဟာ ဧပြီ ၄ ရက်က ပဲခူးတိုင်း တောင်ငူမြို့ကို သွားရောက်ပြီး မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း၊ တရုတ်အဝေးရောက်မဟာမိတ်တပ်ရဲ့ မျိုးဆက်တွေ၊ တရုတ်နွယ်ဖွားကိုယ်စားလှယ်တွေနဲ့ မြန်မာအခြေစိုက် တရုတ်မီဒီယာတွေနဲ့အတူ မြန်မာနိုင်ငံကို စစ်ကူလာစဉ် ကျဆုံးခဲ့တဲ့ တရုတ်အဝေးရောက်မဟာမိတ်တပ်မှ အာဇာနည်တွေကို အမှတ်တရကျောက်တိုင်မှာ ပန်းခြင်း၊ ပန်းခွေတွေချပြီး ဦးညွှတ်ကန်တော့ခဲ့ကြတယ်လို့ တရုတ်သံရုံးရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

Photo- Chinese Embassy

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013