
အာဏာရှင်စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနေအိမ်မှာ လုံခြုံရေးယူနေတဲ့ ခမရ ၃၀၃ တပ်ရင်းက တပ်သား ၄ ယောက် စက်တင်ဘာ ၈ ရက် ည ၇ နာရီခွဲမှာ ထွက်ပြေးသွားတယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
မနေ့ ည ၇ နာရီခွဲက ပုဗ္ဗသီရီမြို့နယ် ရာဇသင်္ဂဟလမ်းနဲ့ တော်ဝင်ရတနာလမ်းကြားက စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနေအိမ်မှာ လုံခြုံရေးယူနေတဲ့ စစ်သား ၄ ယောက် ထွက်ပြေးသွားတာလို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
"မနေညက ဦးသန်းရွှေ နေအိမ်မှာ လုံခြုံရေးယူနေတဲ့ စစ်သား ၄ ယောက် ထွက်ပြေးသွားတယ်။ ကင်းချိန်းတဲ့ အချိန်ပြေးတာလို့ သိရတယ်။ လက်နက်တွေ ပါသွားလား မပါလားတော့ မသိဘူး။ တပ်က ပိုက်စိပ်တိုက်ရှာနေတယ်။”
နေပြည်တော်မှာ ခမရ ၃၀၃ က ဦးသန်းရွှေအိမ်နဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်အိမ်ကို လုံခြုံရေး ယူပေးနေတာဖြစ်ပြီး ထွက်ပြေးတဲ့တပ်သားတွေဟာ ဦးသန်းရွှေနေအိမ်အနီး လုံခြုံရေးယူနေတဲ့ တပ်သားတွေ ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက်တပ်ရင်းနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
"ခမရ ၃၀၃ မှာ တပ်ရင်းမှူးမရှိဘူး၊ ယာယီတပ်ရင်းမှူးပဲရှိတယ်။ ပြီးခဲ့တဲ့လက ယာယီတပ်ရင်းမှူးက တပ်သားသစ်တွေ ထိုးကြိတ်ရိုက်နှက်လို့ ရှင်းရသေးတယ်။ အခုထွက်ပြေးတဲ့ တပ်သားတွေက လစာမရလို့ ပြေးတာ။”
အမှတ် ၃၀၃ ခြေမြန်တပ်ရင်းမှာ ရန်ကုန်တိုင်း တိုကြောင်လေးအခြေစိုက် တပ်ရင်းတခုဖြစ်ပြီး လက်ရှိမှာ တပ်ရင်းမှူးမရှိတာကြောင့် ဗိုလ်မှူးခွန်ရာဇာက ယာယီတပ်ရင်းမှူးအဖြစ် တာဝန်ယူနေတယ်လို့ ဆိုပါတယ်။
လတ်တလောမှာ ထွက်ပြေးသွားတဲ့ စစ်သားတွေကို ခမရ ၃၀၃ က ပုဗ္ဗသီရီမြို့နယ်အတွင်း ပိတ်ဆို့ရှာဖွေပေမဲ့ ပြန်မဖမ်းမိသေးဘူးလို့ သိရပါတယ်။
စစ်တပ်အာအာသိမ်းပြီး ၅ နှစ်အတွင်း နေပြည်တော်တိုင်းလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေက CDM ပြုလုပ်သူ နဲ့.ထွက်ပြေးသူ ရာနဲ့ချီရှိပြီး အချို့ကို အာဏာရှင်စစ်တပ်က ပြန်ဖမ်းမိခဲ့ပါတယ်။











