DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-ဧရာဝတီ အဝေးပြေးယာဉ်စီးခ မြင့်တက်နေသဖြင့် ခရီးသွားများ အခက်ကြုံ
DVB
·
April 5, 2024
ရန်ကုန်-ဧရာဝတီ အဝေးပြေးယာဉ်စီးခ မြင့်တက်နေသဖြင့် ခရီးသွားများ အခက်ကြုံ
Donate to DVB

ရန်ကုန်နဲ့ ဧရာဝတီတိုင်းအတွင်းကို ပြေးဆွဲနေတဲ့ အဝေးပြေး မော်တော်ယာဉ်တွေ သင်္ကြန်အကြိုကာလကို အခွင့်ကောင်းယူပြီး ယာဉ်စီးခတွေ အရင်ကထက် နှစ်ဆခန့်အထိ မြင့်တက်လာတာကြောင့် ခရီးသွား ဒေသခံတွေ အခက်ကြုံနေရတယ်လို့ ဒေသခံ ခရီးသည်တွေဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်းနဲ့ ရန်ကုန် (ဒဂုံဧရာ) လှိုင်သာယာ အဝေးပြေးဝင်းကို ပြေးဆွဲနေတဲ့ ယာဉ်တွေဟာ သင်္ကြန်အကြိုကာလကို အခွင့်ကောင်းယူပြီး ဧပြီ ၃ ရက်စပြီး ယာဉ်စီးခတွေ အရင်ထက် နှစ်ဆကျော်အထိ မြင့်တက်လာပြီး ပြေးဆွဲတဲ့ယာဉ်အစီးရေလည်း လျော့နည်းလာတာကြောင့် သွားလာရေး ခက်ခဲနေတယ်လို့ မအူပင်မြို့နယ်မှ ခရီးသွားတဦးက ပြောပါတယ်။

“သင်္ကြန်မတိုင်မီ အရင်လတွေက လိုင်းကားခတွေက နှစ်ခုံစာကို ငွေကျပ် ၅,၀၀၀ ပဲ ရှိတာပါ။ အဲဒီကနေ မတ်လထဲမှာ နှစ်ခုံစာကို ငွေကျပ် ၇,၀၀၀ ဖြစ်သွားပါတယ်။ တရိပ်ရိပ်တက်လာရင်း အဲဒီကေန အခုတော့ နှစ်ခုံစာကို အခု ၁၄,၀၀၀ တဲ့။ ကားပေါ်ကို အရင်လို ကုန်ပစ္စည်းတွေလည်း အတင်မခံဘူး။ စစ်ကောင်စီက လုံခြုံရေးကိစ္စကြောင့် တင်းကျပ်ထားလို့တဲ့။”

အခုလို သင်္ကြန်အကြိုကာလ ဧရာဝတီတိုင်းနဲ့ ရန်ကုန် ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်တွေ ယာဉ်စီးခတွေ ထိုးတက်လာတာဟာ စက်သုံးဆီဈေး ထပ်တက်လာတာ၊ လမ်းကြေး ဂိတ်ကြေးတွေကို အရင်ကထက် ပိုမိုပေးဆောင်နေရတာကြောင့်လို့ ယာဉ်လိုင်းတာဝန်ခံတဦးက ပြောပါတယ်။

“ခုက ဆီဈေးက သိတဲ့အတိုင်း ဘယ်လောက်ဖိုးဝယ်ဝယ် တလီတာ ၃,၀၀၀ နဲ့အထက်မှာ ရှိနေတာ။ လိုသလောက် ဝယ်လို့မရဘူး။ လမ်းတွေမှာလည်း ဝင်တဲ့မြို့တိုင်းမှာ အရင်လို မြို့ဝင်ကြေး၊ လမ်းကြေးနဲ့တင် မပြီးဘူး။ ဂိတ်ကြေးတွေပါ တိုးလာတာ။ ကိုက်အောင် မနည်းဆွဲနေရတာ။ ယာဉ်ချိန်တွေတောင် အရင်ထက်လျှော့ပြီး ဆွဲနေရတာ။ ယာဉ်စီးခတွေက သင်္ကြန်ကြောင့် တက်တာမဟုတ်ဘူး၊ စက်သုံးဆီဈေးကြောင့် တက်တာများတယ်။ ဒါက ဧရာဝတီတိုင်းမှ မဟုတ်ပါဘူး၊ အထက်ပိုင်းဆွဲတဲ့ အဝေးပြေးကားတွေ အကုန်လုံးလည်း ကားခတွေ တိုးတောင်းနေကြတယ်။”

ပြီးခဲ့တဲ့ မတ်လထဲမှာလည်း ဧရာဝတီတိုင်းထဲက ပုသိမ်မြို့ အပါအဝင် မြို့အများစုက စက်သုံးဆီ အရောင်းဆိုင်တွေမှာ စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့တာ၊ လိုသလောက်မရဘဲ အကန့်အသတ်နဲ့သာ ဝယ်ယူရတဲ့အတွက် လယ်ယာလုပ်ငန်းတွေ အပါအဝင် စက်သုံးဆီ အသုံးပြုလုပ်ရတဲ့ လုပ်ငန်းတွေ အခက်အခဲ ဖြစ်ပေါ်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် အုပ်ချုပ်နေတဲ့ စစ်ကောင်စီလက်ထက်မှာ စက်သုံးဆီဈေးနှုန်း အပါအဝင် အခြေခံကုန်ဈေးနှုန်းတွေ အဆမတန် ကြီးမြင့်နေပြီး ထိန်းချုပ်နိုင်ခြင်း မရှိတာကြောင့် အခြေခံလူတန်းစားတွေ အဘက်ဘက်ကနေ အခက်အခဲတွေနဲ့ ကြုံတွေ့နေရကာ ငတ်ပြတ်တဲ့အထိ ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013