DVB Logo
Home
မြန်မာသတင်း
နေပြည်တော် ပစ်မှတ်များကို ဒရုန်းဖြင့်တိုက်ခိုက်မှု အောင်မြင်မှုဟု သုံးသပ်
DVB
·
April 5, 2024
နေပြည်တော် ပစ်မှတ်များကို ဒရုန်းဖြင့်တိုက်ခိုက်မှု အောင်မြင်မှုဟု သုံးသပ်
Donate to DVB

နေပြည်တော်ရှိ စစ်ကောင်စီပစ်မှတ်တွေကို PDF တပ်ဖွဲ့တွေရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုဟာ တော်လှန်ရေးတပ်တွေအတွက် အောင်မြင်မှုဖြစ်လာပြီး အရေးကြီးပစ်မှတ်တွေ၊ ဟာကွက်တွေကို တိုက်ခိုက်နိုင်စွမ်းရှိလာကြောင်း စစ်လက်နက်လေ့လာသူတွေက ပြောပါတယ်။

နေပြည်တော်ရှိ စစ်ရုံးချုပ်နဲ့ အေလာလေတပ်တွေကို ဧပြီ ၄ ရက်မှာ PDF အထူးတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်တာဟာ တော်လှန်ရေးတပ်တွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ လူထုလှုပ်ရှားမှုမှာ အောင်မြင်မှုဖြစ်လာတယ်လို့ စစ်လက်နက်လေ့လာသူတွေက ပြောပါတယ်။

PDF အထူးတပ်ဖွဲ့တွေနဲ့  ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့တို့ရဲ့ ဒရုန်းစစ်ဆင်ရေးကြောင့် စစ်ရုံးချုပ်နဲ့ အေလာလေတပ်တို့မှာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ကာ အခုတိုက်ခိုက်မှုဟာ စစ်ကောင်စီကို နိုင်ငံရေး၊ စစ်ရေး သိက္ခာအရ အရှက်ကွဲသွားစေတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က DVB ကို ပြောပါတယ်။

“နေပြည်တော်စစ်ရုံးချုပ်အပါ အေလာလေတပ်ကို ဒရုန်းတိုက်ခိုက်မှုကတော့ စစ်ကောင်စီအတွက် နိုင်ငံရေး စစ်ရေး သိက္ခာအရ အရှက်ကွဲသွားတယ်။ တကမ္ဘာလုံးလည်း သိသွားတယ်။ ဇေယျာသီရိမြို့နယ်ထဲကို ဝင်လာတယ်ဆိုတော့ ဇေယျာသီရိမှာ စစ်ရုံးဧရိယာက အကြီးကြီး အကျယ်ကြီး ဆိုတော့ စစ်ရုံးထဲလာပါတယ်ဆိုတာ သွယ်ဝိုက်ပြီး ဝန်ခံလိုက်တာ။ စစ်ရုံးထဲမှာ မင်းအောင်လှိုင်ရုံးထိုင်တဲ့ အဆောင် ၁ ထိခိုက်ပျက်စီးမှုရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်ဖြစ်ချိန် မင်းအောင်လှိုင် ခရီးသွားနေတယ်၊ တာချီလိတ်ဘက်ကို။ စစ်ရုံးချုပ်ကိုတောင် တိုက်ခိုက်နိုင်တယ်ဆိုတော့ ကျန်တဲ့ တိုင်းစစ်ဌာနချုပ်တွေလောက်ကလည်း လုပ်နိုင်မယ်။ လုပ်မယ်ဆိုရင် ရတယ်ဆိုတာ အောက်ခြေစစ်သားတွေကို မီးမောင်းထိုးပြလိုက်တာပဲ။”

တဖက်မှာတော့ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းတွေသုံးပြီး တိုက်ခိုက်တဲ့ နည်းပညာကတော့ တဖြည်းဖြည်း တိုးတက်လာနေပါတယ်။

One-way Attack Drone (OWA-UAV) လို့ခေါ်တဲ့ ဒီဒရုန်းတွေကို စစ်ကောင်စီက ပစ်ချနိုင်ခဲ့တယ်လို့ ပြောဆိုနေပေမဲ့ သမားရိုးကျ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ပစ်ချနိုင်ဖို့ ခက်ခဲပြီး jammer တွေနဲ့ ပစ်ချနိုင်တာမျိုးပဲ ဖြစ်ဖို့များနိုင်တယ်လို့ စစ်လက်နက်လေ့လာသူ Tactical Raptor က DVB ကို ပြောပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းတွေနဲ့ စစ်ကောင်စီရဲ့ သေချာမကာကွယ်ထားတဲ့ အရေးကြီးပစ်မှတ်တွေ၊ ဟာကွက်တွေကို တိုက်ခိုက်နိုင်ဖို့လည်း လိုတယ်လို့ Tactical Raptor က သူ့အမြင်ကို ပြောပါတယ်။

“အခုတွေ့ရသလာက်ကတော့ battery နဲ့ စွမ်းအင်ပေးတဲ့ ဒရုန်းတွေ ဖြစ်ပုံရပါတယ်။ အင်ဂျင်နဲ့ စွမ်းအင်ပေးတဲ့ ဒရုန်းတွေ ထုတ်လုပ်နိုင်ရင် အကွာအဝေး၊ သယ်ဆောင်နိုင်တဲ့ ထိပ်ဖူးအရွယ်အစားတွေ တိုးတက်လာမှာပါ။ ဒီတိုက်ခိုက်မှုကနေ သင်ခန်းစာယူပြီး နောင်တိုက်ခိုက်မှုတွေမှာ ပိုပြီးထိရောက်လာမှာပါ။ နေပြည်တော်ကတော့ သေချာကာကွယ်ထားမယ့်နေရာလို့ ယူဆထားလို့ရ‌တာကြောင့် တိုက်ခိုက်ရင် အခက်အခဲတွေ ရှိနိုင်တယ်။ အဆုံးအရှုံး ပိုများနိုင်တယ်။ သေချာမကာကွယ်ထားတဲ့ အရေးကြီး ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ဖို့လည်း လိုပါတယ်။ စကစအနေနဲ့ အကုန်လုံးကို သေချာကာကွယ်ဖို့က အင်အားအရင်းအမြစ် အများကြီးလိုတာကြောင့် ဟာကွက်တွေ ရှိနေမှာပါ။ အဲဒါကိုမှ ပိုပြီး ဝေးဝေးပျံနိုင်တဲ့ ဒရုန်းတွေ ထုတ်လုပ်နိုင်မယ်ဆိုရင် စစ်ဆင်ရေး ဖော်ဆောင်ရာမှာ ပိုပြီး အခွင့်အရေးတွေ ရလာမှာပါ။ ဒရုန်းတွေထုတ်လုပ်နိုင်ဖို့ အထောက်အပံ့တွေလည်း အများကြီး လိုအပ်နေမှာပါ။”

ဒရုန်းတိုက်ခိုက်မှုတွေကြောင့် စစ်ခေါင်းဆောင် ရုံးထိုင်တဲ့ စစ်ရုံးရဲ့ အဆောင် ၁ မှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့လည်း သိရပြီး  အခု ဒရုန်းတွေရဲ့ ပေါက်ကွဲအားဟာ ၁၀၇ မမ ရှော့တိုက်ဒုံးတွေထက် ၂၀ ရာခိုင်နှုန်း ပိုပြင်းကာ ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားနိုင်ပြီလို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုပါတယ်။

ဧပြီ ၄ ရက်က တိုက်ခိုက်မှုမှာ စစ်ရုံးချုပ် (ကက-ကြည်း)၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင် နေအိမ်နဲ့ အေလာလေယာဉ်ကွင်းတို့ကို ပစ်မှတ်ထားပြီး ဒရုန်းအစင်း ၃၀ နီးပါးသုံးကာ တိုက်ခိုက်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒရုန်းတွေအားလုံးကို ပစ်ချနိုင်ခဲ့တယ်လို့ဆိုပေမဲ့ ၁၃ စင်းသာ သိမ်းဆည်းရမိတယ်လို့ ထုတ်ဖော်ပြသထားပါတယ်။

သီဟ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013