DVB Logo
Home
မြန်မာသတင်း
အပူချိန်ပိုမြင့်တက်လာသဖြင့် လမ်းသွားရင်း ရုတ်တရက်သတိလစ်သူများ ရှိလာ
DVB
·
April 5, 2024
အပူချိန်ပိုမြင့်တက်လာသဖြင့် လမ်းသွားရင်း ရုတ်တရက်သတိလစ်သူများ ရှိလာ
Donate to DVB

မြန်မာနိုင်ငံဒေသတချို့မှာ ဧပြီလဆန်းပိုင်းကစလို့ အပူချိန်တွေ ပိုမြင့်တက်လာတာကြောင့် လမ်းသွားရင်း ရုတ်တရက်သတိလစ်မေ့မြောသူတွေ ရှိလာတယ်လို့ အရပ်ဖက်လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

ရန်ကုန်၊ အလုံမြို့နယ်၊ သခင်မြပန်းခြံအနီးက ၅၇ ကားမှတ်တိုင်မှာ ဧပြီ ၄ ရက် ညနေ ၃ နာရီခွဲလောက်က ကားပေါ်ကနေ ဆင်းလာတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား တဦး အပူရှပ်သတိလစ်နေခဲ့တာကြောင့် အလုံကြက်ခြေနီတပ်ဖွဲ့က ရှေးဦးလူနာပြုစုနည်းအတိုင်း ကယ်ဆယ်ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့ရပါတယ်။

အလုံကြက်ခြေနီတပ်ဖွဲ့ဝင်တဦးက “ဖြစ်တဲ့လူနာက YBS ကားနဲ့ ဆူးလေဘက်ကနေ ပါလာတာ။ ကားပေါ်မှာက အဲကွန်းဖွင့်ထားတာ၊ အောက်လည်း ရောက်ရော တအားပူနေတာနဲ့ ကားအဆင်းမှာပဲ လုံးဝသတိလစ်သွားတာ။ ကျနော်တို့က ‌အနောက်ပိုင်းဆေးရုံအရင်ပို့တယ်။ အခြေ‌အနေ လုံးဝမကောင်းဘူး။ ဦးနှောက်သွေးကြောပေါက်ချင်သလို ဖြစ်နေတာနဲ့ ဆေးရုံကြီးပဲ အားချင်းပို့ပေးလိုက်တာပါ”လို့ ဆိုပါတယ်။

ရန်ကုန်မှာပဲ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီးအနီးက ဘတ်စ်ကားမှတ်တိုင်မှာ ဧပြီ ၃ ရက် မနက် ၁၁ နာရီလောက်က အသက် ၅၀ အရွယ် အမျိုးသား တဦး ကားစောင့်နေရင်း အပူရှပ်သတိလစ်နေခဲ့ပြီး ဦးခေါင်းထိခိုက်သွားတာကြောင့် ရန်ကုန်ဆေးရုံကြီးကို လင်းလက်ကယ်ဆယ်ရေးအသင်းက ပို့ဆောင်ပေးခဲ့ရပါတယ်။

လင်းလက်ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “ လူတယောက် ကားစောင့်နေရင်း မူးလဲသွားလို့ဆိုပြီး ဖုန်းဆက်အကူအညီတောင်းတာပါ။ လူနာက လုံးဝမထနိုင်တဲ့ အခြေအနေပါ။ နဂိုရောဂါအခံရှိတာရော အပူချိန်များတာရော ပေါင်းပြီး ဖြစ်တဲ့ပုံပါ။ သူက ခေါင်းထိသွားတော့ ဘာမှလည်း မေးလို့မရဘူး။ မမှတ်မိဘူး။ မိသားစုနဲ့‌တော့ အဆက်အသွယ် မရသေးဘူး”လို့ ဆိုပါတယ်။

မကွေးတိုင်း၊ မကွေးမြို့မှာလည်း အောင်စေတနာရပ်ကွက်၊ အေအုပ်စု၊ ၅ လမ်းထိပ်မှာ ဧပြီ ၄ ရက် နေ့လယ် ၁ နာရီ ၃၅ မိနစ်လောက်က အသက် ၂၀ ကျော်အရွယ် အမျိုးသား တဦး လမ်းသွားနေရင်း ပစ်လဲကျ မူးမေ့နေတာကြောင့် မကွေးဆေးရုံကြီး အရေးပေါ်ဌာနကို ကယ်ဆယ်ရေးအသင်းတွေက ပို့ဆောင်ပေးခဲ့ရပါတယ်။

မြန်မာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုင်းတာပြီး ထုတ်ပြန်တဲ့ နေ့အပူချိန်တွေအရ ဧပြီ ၃ ရက်မှာ အမြင့်ဆုံးအပူအချိန်တွေအဖြစ် မကွေးမြို့မှာ ၄၃ ဒီဂရီစင်တီဂရိတ်၊ မုံရွာနဲ့ မန္တလေးမှာ ၄၂ ဒီဂရီစင်တီဂရိတ်၊ ရန်ကုန်နဲ့ ပဲခူးမှာ ၄၀ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်လာခဲ့ပါတယ်။

အပူချိန်မြင့်မားလာတာနဲ့ပတ်သက်လို့ ကြိုတင်ကာကွယ်ရမယ့်နည်း‌တွေကို ကျန်းမာရေးဝန်ကြီးဌာန၊  ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လိုက်နာဆောင်ရွက်ရမယ့် အချက်တွေနဲ့  အပူဒဏ်အန္တရာယ်အထူးသတိပြုရမယ့်အချက်တွေကို ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- လူမှုကူညီရေးအသင်းများ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အပူချိန်ပိုမြင့်တက်လာသဖြင့် လမ်းသွားရင်း ရုတ်တရက်သတိလစ်သူများ ရှိလာ