DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ကာလအတွင်း YBS ယာဥ်လိုင်းများ ပုံမှန်ပြေးဆွဲပေးမည်
DVB
·
April 5, 2024
သင်္ကြန်ကာလအတွင်း YBS ယာဥ်လိုင်းများ ပုံမှန်ပြေးဆွဲပေးမည်
Donate to DVB

အခုနှစ် သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူတွေ အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေဖို့အတွက် YBS ဘတ်စ်ကားယာဥ်လိုင်းတွေအနေနဲ့ ပုံမှန်ပြေးဆွဲပေးသွားမယ်လို့ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC )ရုံးက သိရပါတယ်။

သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း YBS ယာဥ်လိုင်းပေါင်း ၁၃၁ လိုင်းက ယာဥ်အစီးရေ ၃၈၀၀ လောက်ကို ပုံမှန်အတိုင်းပြေးဆွဲပေးသွားမှာဖြစ်ပြီး နှစ်ဆန်း တရက်နေ့မှာ YBS (၆၃) ယာဥ်လိုင်းက မော်တော်ယာဥ် ၁၀ စီး အခမဲ့ ပြေးဆွဲပေးသွားမယ်လို့ YRTC ပြောရေးဆိုခွင့်ရှိသူ ဦးလျန်ကျင့်မာန်က ပြောပါတယ်။

"သင်္ကြန်အတွင်းမှာ ယာဥ်စီးခ ပုံမှန်အတိုင်းပါပဲ။ ခရီးသည်တွေဆီက တိုးမြှင့်ကောက်ခံတာတွေ့ရင် တိုင်ကြားပေးကြပါ။ ထိထိရောက်ရောက်အရေးယူသွားမှာပါ။ ပုံမှန်ပြေးဆွဲတဲ့အချိန် မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ပုံမှန် အလှည့်ကျပြေးဆွဲပေးမှာပါ။ နောက်ဆုံးကားက ည ၁၀ နာရီအထိ ချန်ပေးမှာပါ။”

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေ၊ ရန်ကုန်မြို့ကနေ မြန်မာပြည် အနယ်နယ် အရပ်ရပ်ကို ခရီးသွားပြည်သူတွေ သယ်ယူပို့ဆောင်ပေးနေတဲ့ အဝေးပြေးယာဉ်လိုင်းတွေ ပြေးဆွဲပေးမယ့်အခြေအနေတွေနဲ့ ပတ်သက်ပြီး ဧပြီ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရုံး အစည်းအဝေးခန်းမမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

YBS ယာဥ်လိုင်းတွေ ပြေးဆွဲပေးမယ့်အစီအစဥ်မှာ မဟာသင်္ကြန်အကြိုနေ့ YBS ကုမ္ပဏီ ၁၆ ခုက ယာဥ်လိုင်း ၆၁ လိုင်းနဲ့ ယာဥ်အစီးရေ ၁၃၀၈ စီး၊ သင်္ကြန်အကျနေ့၊ အကြတ်နေ့နဲ့ အတက်နေ့မှာ ယာဥ်လိုင်းပေါင်း ၅၇ လိုင်းနဲ့ အစီးရေ ၉၃၈ စီး ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။

ဧပြီ ၁၇ ရက် နှစ်ဆန်း တရက်နေ့မှာတော့ YBS ကုမ္ပဏီ ၂၁ ခုရဲ့ ယာဥ်လိုင်းအားလုံး ပြန်လည်ပေးဆွဲသွားမှာဖြစ်ကာ Thet Yin Aung ကုမ္ပဏီ စီမံခန့်ခွဲမှုအောက်က YBS ၆၃ ယာဥ်လိုင်းကလည်း ယာဥ် ၁၀ ယာဥ်စီးခ အခမဲ့ ပြေးဆွဲပေးမှာဖြစ်ကြောင်း သိရပါတယ်။

မြို့တွင်းစျေးရောင်းချနေသူတဦးက "ကျနော်တို့က YBS စီးပြီး ဆူးလေဘက်မှာ နေ့တိုင်း စျေးလာရောင်းနေရတာ။ သင်္ကြန်တွင်းဆိုရင်တော့ ပိုရောင်းရတာပေါ့။ YBS ကားတွေမထွက်ရင် အလုပ်နားရတော့မယ်ထင်နေတာ အခုလိုဆိုတော့ပျော်တာပေါ့" လို့ပြောပါတယ်။

ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) အနေနဲ့ ပြီးခဲ့တဲနှစ် သင်္ကြန်ကာလအတွင်း ယာဥ်စီးခပိုမိုကောက်ခံတဲ့ တိုင်ကြားမှု ၁၅ မှုရှိခဲ့ပြီး တိုင်ကြားခံရတဲ့ ယာဥ်လိုင်းကို ပြေးဆွဲခွင့် တလ ပိတ်သိမ်းတာမျိုးနဲ့ အရေးယူခဲ့တဲ့ဖြစ်စဥ်တွေလည်းရှိခဲ့ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013