DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီကြောင့် ဘားအံ-မြဝတီလမ်းပိုင်း၌ ယာဉ်စီးခနှင့် ကုန်ခများ ဈေးတက်
အောင်ခန့်
·
April 2, 2026
Photo-နီနီ/ဘီဝမ်း
Photo-နီနီ/ဘီဝမ်း
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စက်သုံးဆီဝယ်ယူရခက်ခဲတာ၊ လိုင်စင်မဲ့ယာဉ်တွေကို ဆီမရောင်းချပေးတဲ့အပြင် ဖမ်းဆီးနေတာကြောင့် ဘားအံ-မြဝတီ ပြေးဆွဲနေတဲ့ယာဉ်တွေ ရပ်နားထားရတဲ့အတွက် လိုင်စင်ရှိယာဉ်တွေသာ ပြေးဆွဲပြီး ယာဉ်စီးခနဲ့ ကုန်တင်ခတွေ ဈေးမြင့်တက်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ စက်သုံးဆီ အကျပ်အတည်းဟာ မြန်မာနိုင်ငံအနှံ့ ရင်ဆိုင်နေပြီး အဲဒီထဲမှာ ကရင်ပြည်နယ်၊ ဘားအံမြို့လည်း ပါဝင်နေပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နဲ့ ဘားအံမြို့ကို ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ရာမှာ လိုင်စင်မဲ့ယာဉ်တွေကို အဓိကထား ပြေးဆွဲနေတာပါ။

လက်ရှိ ဘားအံမြို့မှာ စက်သုံးဆီ ဝယ်ယူရခက်ခဲတာ၊ လိုင်စင်မဲ့ယာဉ်တွေကို ဆီမရောင်းချပေးတဲ့အပြင် ဖမ်းဆီးနေတာကြောင့် လိုင်စင်မဲ့ယာဉ်တွေ ရပ်နားထားရပြီး လိုင်စင်ရှိ ယာဉ်တွေသာ ပြေးဆွဲနေပါတယ်။

ယာဉ်မောင်းတယောက်က “ဆီက ဝယ်လို့မရဘူး။ ကျနော်တို့က  Without (လိုင်စင်မဲ့) ကားဆိုတော့ ဝယ်လို့မရဘူး။ လိုင်စင်မဲ့ ကားဖမ်းတာလည်း ပါတယ်။ အဲဒါကြောင့် ရပ်နားထားတာ။ ဘယ်လိုအခက်အခဲတွေဆိုတော့ အဓိက ဆီတွေပေါ့။ သွားတာလာတာ ဖမ်းတာတို့ ဟိုရှောင် ဒီရှောင်လို့ ရသေးတယ်။ ဒီဆီကတော့ မရဘူးလေ။ အခုက Without ကားတွေ တန်းစီခွင့်တောင် မရတော့ ပိုဆိုးသွားတာပေါ့။ Without ကားတွေ ဆီဝယ်ချင်ရင် ခိုးကြောင် ခိုးဝှက် ဝယ်ရတာ။ Without ကားတွေ ဝယ်ရတာ။ အာရှလမ်းဖွင့်ရင်တော့ ဆီတွေက နည်းနည်းပါးပါး အဆင်ပြေမယ် ကျနော်ထင်တယ်” လို့ ပြောပါတယ်။

လိုင်စင်မဲ့ယာဉ်တွေဟာ ပြင်ပကနေ ဓာတ်ဆီ တလီတာ ကျပ် ၁၅,၀၀၀၊ ဓာတ်ဆီ ၅ ဂါလန် ပုံးဝါ တပုံးကို ကျပ် ၃ သိန်းကျော်နဲ့ ဝယ်ယူရ ခက်ခဲနေပါတယ်။ လက်ရှိမှာ ဘားအံ-မြဝတီ ယာဉ်စီးခ တယောက် ကျပ် ၁၅၀,၀၀၀ ထိ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

ဒါ့အပြင် ကုန်တင်ခတွေ ဈေးနှုန်းမြင့်တက်ခဲ့တာကြောင့် အရင်က  ဆန်တအိတ် ကျပ် ၁၃၅,၀၀၀ ကနေ အခု ၁၅၀,၀၀၀၊ ဆီ ၅ လီတာတဘူး အရင်က ကျပ် ၃၃,၅၀၀ ကနေ အခု ကျပ် ၃၈,၀၀၀၊ နက်စ်ကော်ဖီ တပုလင်း အရင်က ကျပ် ၃၂,၀၀၀ ကနေ အခု ကျပ် ၃၅,၀၀၀ မြင့်တက်ခဲ့ပါတယ်။ ဒေသထွက် စိုက်ပျိုးရေး စားသောက်ကုန် တပိဿာ ကျပ် ၁,၀၀၀ အနည်းဆုံး မြင့်တက်ခဲ့ပါတယ်။

ခရီးသွားတယောက်က “ဘားအံ-မြဝတီကားခ လူတယောက်ကို တသိန်းခွဲ။ ကားတွေက ဆီမရတဲ့အတွက် ကားတွေကလည်း ရှား။ ခရီးသည်တွေက ဈေးတွေမြင့်မားတော့ သွားလာရတာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတယ်။ ဆီဝယ်ယူရခက်ခဲတာကြောင့် ကားတွေက ရပ်နားထားရတဲ့အတွက် ခရီးသွားရတဲ့ စရိတ်တွေက မြင့်မားတယ်။ နောက်ပြီးတော့ ကုန်စည်တွေကလည်း ဈေးတက်ပြီး မြင့်မားလာတယ်။ အခုက ပြည်သူတွေ တနေ့တခြား အခက်အခဲနဲ့ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စက်သုံးဆီ အခက်အခဲကြောင့် ဘားအံ-ရန်ကုန် ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်အစီးရေ လျှော့ချ ပြေးဆွဲခဲ့ရပါတယ်။

လက်ရှိမှာ ယာဉ်စီးခအနေနဲ့ အရင်က ရိုးရိုးမှန်လုံယာဉ် ကျပ် ၁၅,၀၀၀ ကနေ အခု ကျပ် ၂၀,၀၀၀၊  2+1 VIP ယာဉ်စီးခ အရင်က ကျပ် ၂၀,၀၀၀ ကနေ အခု ကျပ် ၃၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ အဝေးပြေးယာဉ်လိုင်း တာဝန်ရှိသူဆီက သိရပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013