DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီ အိမ်ဟောင်းတလုံးတွင် ပုန်းအောင်းနေသော မြန်မာ ၁၂၃ ဦး ဖမ်းဆီးခံရ 
DVB
·
April 4, 2024
ကန်ကျနပူရီ အိမ်ဟောင်းတလုံးတွင် ပုန်းအောင်းနေသော မြန်မာ ၁၂၃ ဦး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင် အိမ်ဟောင်းတလုံးထဲမှာ ပုန်းအောင်းနေတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၁၂၃ ဦးကို ဖမ်းဆီးရမိတယ်လို့  ကျိုးချို ကန်ကျနပူရီ သတင်းမှာ ဖော်ပြပါတယ်။ 

ကန်ကျနပူရီမြို့နယ် နောင်ဘိုရပ်ကွက်ရှိ အိမ်ဟောင်းတလုံးထဲမှာ မသင်္ကာဘွယ် လူအမြောက်အမြား ရောက်ရှိနေကြောင်း ဒေသခံတွေက အကြောင်းကြားတဲ့အတွက် မြို့နယ် အုပ်ချုပ်ရေးရုံး၊  နယ်မြေခံရဲ၊ လဝက၊ နယ်ခြားစောင့်တပ်နဲ့ ရပ်ကွက်လုံခြုံရေးတပ်ဖွဲ့ ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဧပြီ ၄ ရက် ဒီနေ့မနက် ၉ နာရီလောက် အဆိုပါနေရာကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ 

စစ်ဆေးချက်အရ အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား  အမျိုးသား ၉၄ ဦး၊ အမျိုးသမီး ၂၉ ဦး စုစုပေါင်း ၁၂၃ ဦး တွေ့ရှိပြီး သူတို့ဟာ ထိုင်းနိုင်ငံအတွင်းပိုင်းကို အလုပ်သွားလုပ်ဖို့  ခရီးအနီးအဝေးပေါ်မူတည်ပြီး ပွဲစားကို ၁ ဦးလျှင် ဘတ် ၁၅,၀၀၀ မှ ၃၀,၀၀၀ ထိပေးခဲ့ရတယ်လို့ ဘာသာပြန်မှတဆင့် ဖြေကြားပါတယ်။ 

ထိုင်းနိုင်ငံထဲကို တောလမ်းကနေ ခြေလျင်လျှောက်ဝင်လာပြီး ဆန်ခလပူရီနယ်စပ်မှာ ပွဲစားက ကားလွှတ်ပြီးလာကြိုတယ်၊ အဲဒီကနေ နောင်လူးအုပ်စု ဝချီရာလောင် ကွန်ဆည်ကြီးထဲမှာ လှေပြောင်းစီးပြီး ဖြတ်ခဲ့တယ်၊ ထောင်းဖာဖုမ်းမြို့နယ် ထာ့ခနွန်အုပ်စု ထာ့ဖဲရွာကမ်းစပ်ကနေ ကုန်းပေါ်ပြန်တက်တယ်၊ ကားက ထပ်လာကြိုပြီး အဖမ်းခံရတဲ့ နေအိမ်ဟောင်းမှာ လာချထားတယ်၊ အဲဒီကနေ အတွင်းပိုင်းဘက်ခရီးဆက်ဖို့ စောင့်ဆိုင်းစဉ် ခုလို အဖမ်းခံရတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက အနီးနားတဝိုက်ဆက်လက်ရှာဖွေရာမှာ အီစူးဇူးဟိုင်းလပ်စ်ကား ၄ စီးကို တွေ့ရှိပြီး ယာဉ်မောင်းတွေတော့ မရှိကြောင်း၊ သူတို့ဟာ အဲဒီမြန်မာတွေကို လာပို့/လာကြိုစဉ် တာဝန်ရှိသူတွေကိုတွေ့တော့ ကားကိုပစ်ပြီး ထွက်ပြေးသွားတာဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

သူတို့အားလုံးကို လဝက ဥပဒေနဲ့အရေးယူဖို့ ကန်ကျနပူရီရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သတင်းမှာဖော်ပြပါတယ်။ 

ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ထဲမှာ မတ် ၃ ရက် မနက် ၁ နာရီကျော်လောက်ကလည်း ကားသုံးစီးထဲကနေ တရားမဝင် မြန်မာ ၂၇ ဦးကို လမ်းပြ (ယာဉ်မောင်း) သုံးဦးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ မတူညီတဲ့နေရာ ၃ ခုကနေ ဖမ်းမိခဲ့ပြီး နစ်ဆန်ကားပေါ်ကနေ ဆယ်ဦး၊ တိုယိုတာဟိုင်းလပ်စ်ပေါ်ကနေ ကိုးဦး၊ မာစဒါအိမ်စီးကားပေါ်ကနေ ရှစ်ဦး ဖမ်းမိခဲ့တာပါ။ 

ဒါ့အပြင် ဖမ်းဆီးရမိသူတဦးဆီကနေ စိတ်ကြွဆေး ၃၆၈ ပြားနဲ့ ထိုင်းငွေ ၃၈၄၀ ဘတ်ပါ ဖမ်းမိတယ်လို့  သတင်းမှာ ဖော်ပြသွားပါတယ်။ 

source-ကျိုးချို ကန်ကျနပူရီသတင်း

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013