DVB Logo
Home
မြန်မာသတင်း
ရာသီဥတု ပူလွန်း သဖြင့် ဖျားနာသူများလာ
DVB
·
April 4, 2024
ရာသီဥတု ပူလွန်း သဖြင့် ဖျားနာသူများလာ
Donate to DVB

ရန်ကုန် အပါအဝင် မန္တလေး၊ နေပြည်တော် စတဲ့မြို့ကြီးတွေမှာ ရာသီဥတု ပူပြင်းလာသလို လျှပ်စစ်မီးပြတ်ချိန်တွေလည်း ပိုတိုးလာတာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ ဖျားနာတာတွေ များလာတယ်လို့  သိရပါတယ်။

ရန်ကုန် အပါအဝင် မန္တလေး၊ နေပြည်တော် စတဲ့မြို့ကြီးတွေမှာ နေ့အပူချိန် မြင့်တက်လာတာနဲ့အမျှ ပြည်သူတွေရဲ့ ကျန်းမာရေးက စိတ်ပူရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

အပူလွန်ကဲမှုတွေကြောင့် ခန္ဓာကိုယ်အပူချိန် ရုတ်တရက် မြင့်တက်လာတာ၊ ရေဓာတ်ကုန်ခန်းတာနဲ့ အပူရှပ် ဖျားနာတာတွေ အဖြစ်များနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လက်ရှိ ရန်ကုန်မှာ နေ့အပူအချိန် မြင့်တက်လာတာနဲ့အတူ မီးပျက်ချိန်တွေ များနေတဲ့အတွက် လူထုရဲ့ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေ ပိုဆိုးလာတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

“အခုလတ်တလော ရန်ကုန်မြို့ရဲ့ ရာသီဥတုအခြေအနေက တော်တော်လေးပူတယ်။ အပူချိန်ကလည်း အမြင့်ဆုံး ၃၉ ကနေ ၄၉ လောက်ထိ ရောက်နေတယ်။ ဒီဧပြီလဆန်းလောက်ကနေ စပြီးတော့ပေါ့။ အဓိကကတော့ လျှပ်စစ်မီး ပုံမှန်မရတာ အဆိုးဆုံးပေါ့။ လျှပ်စစ်မီး ပုံမှန်မရတော့ အဲကွန်းတွေ၊ ပန်ကာတွေ သုံးလို့မရဘူးလေ။ အဲဒါဆိုတော့ တော်တော်လေး အဆင်မပြေဖြစ်တယ်ရှင့်။ အခုနောက်ပိုင်း တော်တော်လေး ပူလာတော့ ချွေးထွက်လွန်တာတွေ၊ ဦးနှောက်သွေးကြော ပြတ်တာတွေ၊ အထူးသဖြင့် လူကြီးတွေမှာဆိုရင် ဦးနှောက်သွေးကြောပြတ်တာကနေ သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်ပေါ့။”

တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ဧပြီ ပထမပတ်အတွင်း နေ့အပူချိန် ၄၀/၄၁ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်သလို ဧပြီ ၉ ရက်၊ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ လေပွေလှိုင်းတခု ဖြစ်ပေါ်လာနိုင်ပြီး အဲဒီဒေသတွေမှာ မိုးရွာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အချိန်အခါမဟုတ် မိုးရွာတာတွေနဲ့ ဧပြီလ နောက်ဆုံးပတ်မှာ မုန်တိုင်းငယ်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း ပြောဆိုထားပါတယ်။

အခုလို ပူပြင်းတဲ့နေ့အပူချိန်တွေမှာ ဆောင်ရန် ရှောင်ရန် အချက်တွေကို  အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်က တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းရဲ့ ဆရာဝန်က ပြောပြပါတယ်။

“ဒီနှစ်က ပိုပြီးတော့ပူမယ့်သဘောရှိတယ်။ အယ်လ်နီညိုတို့ ဘာတို့ ဖြစ်စဉ်တွေ အဖျားခတ်မယ့်သဘောလည်း ရှိတယ်လေ။ ပြည်သူလူထုအတွက် အပူဒဏ်ကို ဆောင်ရန် ရှောင်ရန်တွေကတော့ ‌ဆောင်ဖို့ကတော့ ရေများများသောက်မယ်ပေါ့။ နောက် ဦးထုပ် ထီးဆောင်းပြီးမှ နေပူဒဏ်ကို ကာကွယ်မယ်။ အပြင်သွားတဲ့အခါမှာ  နေရောင်ကို တိုက်ရိုက်မဝင်အောင် ကာကွယ်ထားမယ်၊ အကာအရံတွေထားမယ်။ ပြီးတော့ နေ့လယ် ၁၂ နာရီကနေ ညနေ ၄ နာရီအတွင်းမှာ တတ်နိုင်ရင် အိမ်ထဲမှာ အရိပ်ထဲမှာပဲနေပေးမယ်။ နေရောင်အောက်မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ရဘူး။ ပြီးတော့ ကလေးငယ်တွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို အစောင့်မပါဘဲ ကားထဲမှာ ထားခဲ့တာမျိုး မလုပ်ရဘူး။ အထူးသဖြင့် အရက်တို့၊ လက်ဖက်ရည်တို့၊ ကော်ဖီတို့ နောက် အချိုဓာတ် သကြားဓာတ် များတာတွေကိုလည်း ရှောင်ရမယ်ပေါ့။ ပြီးတော့ နေ့ခင်းပိုင်း ပူတဲ့အချိန်တွေမှာ ချက်ပြုတ်တာကို ရှောင်ရမယ်၊ ဖိနပ်မပါဘဲ ခြေဗလာနဲ့ လမ်းလျှောက်တာလည်း ရှောင်ရမယ်ပေါ့။”

နေအပူဒဏ်အောက်မှာ အလုပ်လုပ်နေရတဲ့ အလုပ်သမားတွေအနေနဲ့လည်း ပိုမိုဂရုစိုက်ကြဖို့ ဖြည့်စွက်ပြောပါတယ်။

အပူချိန်မြင့်လာတာမှုကြောင့် အရေးပေါ်အခြေအနေ ရောဂါလက္ခဏာတွေ ဖြစ်နိုင်ပြီး နီးစပ်ရာ ဆေးရုံ ဆေးခန်းတွေဆီ အမြန်ဆုံးပြသဖို့ကိုလည်း တယ်လီကျန်းမာ ဆရာဝန်က သတိပေး ပါတယ်။

“နေ့ခင်းအပူချိန်မြင့်မားတာ အပူချိန်ကြောင့် ဖြစ်နိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ မူးမေ့မယ်၊ အားနည်းတယ် မူးဝေမယ်၊ ကယောက်ကတမ်းပြုမူ ပြောဆိုတယ်၊ ပျို့အန်မယ်၊ ချွေးထွက်များတာနဲ့ ရေငတ်မယ်၊ ခန္ဓာကိုယ်ကလည်း ၄၅ ဒီဂရီစင်တီဂရိတ်ထက်ပိုပီးတော့ ပူမယ်၊ ခန္ဓာကိုယ်အပူချိန်တွေလည်း မြင့်တက်မယ်။ ဒီလိုလက္ခဏာတွေ ရှိမယ်ဆိုရင်တော့ နီးစပ်ရာကျန်းမာရေးဌာနကို သွားရမယ်ပေါ့နော်၊ လူတော်တော်များများက သိတယ်ပေါ့  မလုပ်ဖြစ်တာ။ ဓာတ်ဆားရည်သောက်ပေးဖို့၊ ရေများများသောက်ပေးဖို့ ဒါလေးတွေလည်း လိုပါတယ်။”

နေ့အပူချိန်မြင့်တက်မှုတွေက ဧပြီနဲ့ မေလတွေအထိ ဆက်လက်ရှိနေမှာဖြစ်ပြီး နေ့အပူချိန် မြင့်တက်မှုကြောင့် အပူပျံတက်ကာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းပြီး လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းရွာတာ၊ မိုးသီးကြွေတာ စတာတွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလက ဧပြီ ၁ ရက်ကလည်းက ထုတ်ပြန်ထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013