DVB Logo
Home
နိုင်ငံတကာ
အစ္စရေးအတွက် လက်နက်‌ရောင်းချမှု ရပ်တန့်ရန် ဗြိတိန်အစိုးရကို ဖိအားပေး
DVB
·
April 4, 2024
အစ္စရေးအတွက် လက်နက်‌ရောင်းချမှု ရပ်တန့်ရန် ဗြိတိန်အစိုးရကို ဖိအားပေး
Donate to DVB

ဂါဇာမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဗြိတိန်နိုင်ငံသားသုံးဦး အပါအဝင် ကယ်ဆယ်ရေးလုပ်သား ခုနစ်ဦး သေဆုံးခဲ့ပြီးနောက်မှာ ဗြိတိသျှအစိုးရဟာ အစ္စရေးကို လက်နက်တွေ ရောင်းချတာကို ရပ်တန့်ဖို့ ကြီးထွားလာတဲ့ နိုင်ငံရေးဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဗြိတိန် အဓိကအတိုက်အခံပါတီ သုံးခုနဲ့ အာဏာရ အစိုးရပါတီမှ လွှတ်တော်အမတ်တချို့က ဝန်ကြီးချုပ်အနေနဲ့ လက်နက်ရောင်းချမှုကို ဆိုင်းငံ့ထားသင့်ကြောင်း ဧပြီ ၃ ရက်မှာ ပြောကြားခဲ့ကြပါတယ်။

စကော့တလန်အမျိုးသားပါတီ (SNP) က အစ္စရေးကို လက်နက်တင်ပို့မှုကို ဆိုင်းငံ့ထားဖို့ တောင်းဆိုထားကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ စာတစောင်တင်ထားပြီး ဒီလှုပ်ရှားမှုကို လစ်ဘရယ် ဒီမိုကရက်တွေက ကျောထောက်နောက်ခံ ပေးထားပါတယ်။

ဒီအကျပ်အတည်းကို ဆွေးနွေးဖို့အတွက် လွှတ်တော်ကို အီစတာအားလပ်ရက်ကနေ ပြန်လည်ခေါ်ယူသင့်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အဓိကအတိုက်အခံဖြစ်တဲ့ လေဘာပါတီကတော့ အစ္စရေးဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ကြောင်း ရှေ့နေတွေက တွေ့ရှိခဲ့ရင် အစိုးရအနေနဲ့ လက်နက်ရောင်းချမှု ရပ်ဆိုင်းသင့်တယ်လို့ ပြောဆိုထားပါတယ်။

ဗြိတိန်ရဲ့ ဂါးဒီးယန်းသတင်းစာမှာ ထုတ်ဝေတဲ့ စစ်တမ်းတခုအရ လက်နက်ရောင်းချမှု  တားမြစ်ချက်ကို ထောက်ခံကြတဲ့ ဗြိတိန်နိုင်ငံသား ၅၆ ရာခိုင်နှုန်းရှိပြီး ၁၇ ရာခိုင်နှုန်းက ကန့်ကွက်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ယူကေရှိ ပါလက်စတိုင်း လိုလားတဲ့ အုပ်စုတွေကလည်း အလားတူ ဆန္ဒပြပွဲတွေကို ဆက်တိုက် ပြုလုပ်ခဲ့ကြပါတယ်။

ဗြိတိန်အစိုးရဟာ ၂၀၀၈ ခုနှစ်ကတည်းက အစ္စရေးကို ပေါင် သန်း ၅၇၀ (ဒေါ်လာ ၇၁၉ သန်း) ကျော်တန်ဖိုးရှိ လက်နက်တွေနဲ့ စစ်ဘက်ဆိုင်ရာ အစိတ်အပိုင်းတွေကို ရောင်းချခဲ့တာပါ။

၂၀၂၂ ခုနှစ်မှာ အစ္စရေးကို ကာကွယ်ရေးပစ္စည်း တင်ပို့မှုမှာ ပေါင် ၄၂ သန်းဖိုးရှိပြီး အတော်လေး နည်းပါးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ဂရန့်ရှက်ပ်စ်က လွှတ်တော်ကို နိုဝင်ဘာလမှာ ပြောကြားခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူးနတ်ခ် ကလည်း အစ္စရေးကို လက်နက်ရောင်းချမှု ရပ်ဆိုင်းဖို့ တောင်းဆိုမှုတွေကို အခုချိန်အထိ ငြင်းဆန်ထားပြီး အစ္စရေးနိုင်ငံဆီ လက်နက်တင်ပို့မှုကို ပြန်စစ်ဆေးနေဆဲဖြစ်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ဂါဇာကမ်းမြောင်ဒေသမှာ အရင်ပဋိပက္ခတွေ ဖြစ်ပွားနေချိန်တုန်းက ဗြိတိန်အစိုးရဟာ ရန်စမှုတွေ ဆက်ရှိနေဦးမယ်ဆိုရင် အစ္စရေးကို လက်နက်တင်ပို့မှုတချို့ကို ရပ်ဆိုင်းထားမယ်လို့ ပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်း အဲဒီတိုက်ပွဲကာလတုန်းကလည်း လက်နက်ရောင်းချမှုကို ကန့်သတ်မှု မရှိခဲ့ပါဘူး။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013