DVB Logo
Home
နိုင်ငံတကာ
အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချမှု စစ်ပွဲအန္တရာယ် အရှိန်မြှင့်စေဟု တရုတ်ပြော
DVB
·
December 26, 2025
အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချမှု စစ်ပွဲအန္တရာယ် အရှိန်မြှင့်စေဟု တရုတ်ပြော
Donate to DVB

တရုတ်နိုင်ငံဟာ ထိုင်ဝမ်နဲ့ အမေရိကန်ရဲ့ လက်နက်အရောင်းအဝယ် နောက်ဆုံးသဘောတူညီချက်ကို ဒီဇင်ဘာ ၂၅ ရက်မှာ ဝေဖန်ခဲ့ပြီး အဲဒီရောင်းချမှုဟာ ထိုင်ဝမ်ရေလက်ကြားမှာ စစ်ပွဲအန္တရာယ်ကို “အရှိန်မြှင့်” စေတယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ “ရန်စမှု” အားလုံးကို ရပ်တန့်ပြီး သူ့ရဲ့ “မှားယွင်းတဲ့ လုပ်ဆောင်ချက်တွေ” ကို ပြင်သင့်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ကျန်းရှောင်ကန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အမေရိကန်ရဲ့ ထိုင်ဝမ်နဲ့ ဆက်စပ်တဲ့ အပျက်သဘောဆောင် ဥပဒေကြမ်းဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို အကြောင်းမဲ့ ဝင်ရောက်စွက်ဖက်ပြီး ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ရေး တပ်ဖွဲ့တွေဆီ တကယ့်ကို မှားယွင်းတဲ့ အချက်ပြမှုကို ပေးပို့ခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားရှိ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ပြင်းထန်စွာ ထိခိုက်စေပါတယ်” လို့ ကျန်းရှောင်ကန်းက ပြောဆိုပါတယ်။

အမေရိကန်ဘက်မှ သူ့ရဲ့ကတိကဝတ်တွေကို ချိုးဖောက်ခဲ့ပြီး ထိုင်ဝမ်ကို လက်နက်ရောင်းချမှု တိုးမြှင့်ခဲ့ကာ ထိုင်ဝမ်အပေါ် လက်ခံမှုကို ပိုမိုအားကောင်းစေခဲ့ပြီးတော့ ပိုမိုမာနထောင်လွှားမှုကို မြှင့်တင်ပေးတာကြောင့် ထိုင်ဝမ်ရေလက်ကြားမှာ စစ်ပွဲအန္တရာယ်ကို အရှိန်မြှင့်တင်ပေးခဲ့တယ် လို့လည်း ဆိုပါတယ်။

ဒီမိုကရက်တစ် ပရိုဂရက်ဆစ်ပါတီ (DPP) အာဏာပိုင်တွေဟာ ထိုင်ဝမ်ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို လျစ်လျူရှုပြီး အမေရိကန်ဘက်ကို ထိုင်ဝမ်ကို အဆီစုပ် အသားစား အရိုးအရင်းမချန် အမြတ်ထုတ်ခွင့်ပြုထားတာလို့ ပြောပါတယ်။

ထိုင်ဝမ်ကို အသုံးပြုပြီး တရုတ်ကိုထိန်းချုပ်ဖို့ ကြိုးပမ်းမှုမှာ မအောင်မြင်နိုင်မှာ သေချာနေပြီး အင်အားသုံးကာ လွတ်လပ်ရေးကို ရှာဖွေခြင်းကလည်း ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ လမ်းကြောင်းတခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အမေရိကန်ဘက်အနေနဲ့ ထိုင်ဝမ်ပြဿနာရဲ့ အလွန်အမင်း ထိခိုက်လွယ်မှုကို အပြည့်အဝ နားလည်ဖို့၊ တရုတ်တနိုင်ငံတည်းမူနဲ့ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ခုကို အလေးအနက် လိုက်နာဖို့၊ ထိုင်ဝမ်နဲ့ ဆက်စပ်တဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ရာမှာ အလွန်သတိထားဖို့၊ ဘယ်နည်းနဲ့မဆို ထိုင်ဝမ်ကို လက်နက်တပ်ဆင်ခြင်းကို ရပ်တန့်ဖို့တွေအပြင် နိုင်ငံ ၂ နိုင်ငံနဲ့ စစ်တပ် ၂ ခုအကြားမှာ ၂ နိုင်ငံဆက်ဆံရေးရဲ့ အလုံးစုံအခြေအနေကို ကာကွယ်ဖို့အတွက် လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ဖို့” လည်း တိုက်တွန်းသွားပါတယ်။

ပြီးခဲ့တဲ့အပတ်က အမေရိကန်ပြည်ထောင်စုဟာ ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၁ ဘီလီယံ တန်ဖိုးရှိ လက်နက်ရောင်းချမှုကို ကြေညာခဲ့ပြီး ဒါဟာ ဒီမိုကရေစီနည်းကျအုပ်ချုပ်တဲ့ ထိုင်ဝမ်ကျွန်းအတွက် အမေရိကန်ရဲ့ အကြီးမားဆုံး လက်နက်အစီအစဉ် ဖြစ်ပါတယ်။

အစိုးရက ပေကျင်းရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု တောင်းဆိုချက်တွေကို ငြင်းပယ်ထားပါတယ်။ အဆိုပြုထားတဲ့ လက်နက်ရောင်းချမှုထဲမှာ ဟိုင်းမာ့စ် ရော့ကက်စနစ်တွေ၊ ဟောင်ဝစ်ဇာတွေ၊ ဂျက်ဗလင် တင့်ကားဖျက်ဒုံးကျည်တွေ၊ လှည့်ပတ်ပစ်ခတ်နိုင်စွမ်းရှိတဲ့ အာလ်တီးယပ်စ် ခဲယမ်းဒရုန်းတွေနဲ့ တခြားပစ္စည်းကိရိယာတွေအတွက် အစိတ်အပိုင်းတွေ အပါအဝင် ပစ္စည်း ၈ မျိုး ပါဝင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်တစောင်မှာ ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013