DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်စခန်းတခု ဆန်ပြတ်လပ်၊ လက်ပံကုန်း စစ်ရှောင်စခန်းတွင် မိုးကာများ လိုအပ်
DVB
·
April 4, 2024
ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်စခန်းတခု ဆန်ပြတ်လပ်၊ လက်ပံကုန်း စစ်ရှောင်စခန်းတွင် မိုးကာများ လိုအပ်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်စခန်းတခုမှာ ဆန်ပြတ်လပ်နေတာကြောင့် ဆန်သွားရောက်လှူဒါန်းခဲ့တယ်လို့  စစ်ရှောင်အရေးကူညီနေတဲ့ ချယ်ရီလေးများရဲ့ အိမ်ပြန်ချိန်မှ တာဝန်ရှိသူက ဧပြီ ၄ ရက်မှာ ပြောပါတယ်။

"သူတို့စခန်းမှာ ဆန်မရှိတော့လို့ ကူညီပေးပါဦးပြောလာတယ်။ လိုအပ်ချက်တွေအများကြီးထဲက ဆန်ကတော့ မရှိမဖြစ်ပဲလေ။ အခုကတော့ အရန်ဆန်အတွက်ပဲ အဓိကကူခဲ့ရပါတယ်။ နောက်လည်းထပ်ကူဖို့ရှိပါတယ်။"

စစ်ရှောင်စခန်းက ပြည်သူတွေက ဒီးမော့ဆို၊ ဒေါငံခါးရပ်ကွက်တွေကနေ စစ်ဘေးရှောင်နေကြပြီး ခုလက်ရှိအချိန်မှာ နေအိမ်ပြန်ကြည့်တာမျိုးရှိပေမဲ့ နေအိမ်မီးရှို့ခံရသူတွေလည်း များပြားနေတယ်လို့ သိရပါတယ်။

စစ်ရှောင်စခန်းက အမျိုးသမီးတဦးက "အခက်အခဲကတော့ အစုံပဲ။ ဆန်ဆိုပိုပြီး လိုအပ်တာပေါ့နော်၊ ဆန်နဲ့ဆေးပေါ့။ တချို့ဆို ဆန်ပြုတ်ပြုတ်စားနေတာလည်းရှိတယ်။ ဒီစခန်းထဲမှာပေါ့၊ သူတို့က ကလေးလည်းများတော့ မလောက်ဘူးပေါ့၊ ရေဆိုလည်း အုန်းဆီလိမ်းသလိုမျိုးပဲ၊ ချွေတာသုံးရတာပေါ့" လို့ ပြောပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်တောက်မှုတွေကြောင့် စစ်ရှောင်စခန်းတချို့က ထမင်းတနှပ်လျော့စားတာ၊ ကလေးတွေကို ဦးစားပေး ကျွေးမွေးတာတွေနဲ့ စစ်ရှောင်အချင်းချင်း ရိက္ခာတွေမျှဝေသုံးစွဲတာ၊ ချေးငှားစားသောက်တာတွေကို ပြုလုပ်နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် စစ်ရှောင်ကာလ ကြာမြင့်လာပြီး စစ်ဘေးရှောင်ပြည်သူတိုးပွားလာတာကြောင့် မိုးကာ၊ သောက်သုံးရေ၊ ဆေးဝါး၊ စားနပ်ရိက္ခာတွေမှာ အခက်အခဲရှိနေပြီး အလှူရှင်တွေလာရောက်မှုလည်း နည်းပါးလာတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ် အစပ်မှာရှိတဲ့ လက်ပံကုန်းစစ်ရှောင်စခန်းမှာလည်း မိုးကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတဦးက “မိုးကာက ၆ လတောင်မခံဘူး၊ ရှေ့တပတ်က မိုးရွာတော့ မိုးရေတွေယိုကြတာ တဲတိုင်းလိုလိုပဲ၊ နောက် ရေကန်လုပ်ထားတော့လည်း ကြွက်တွေလိုက်ဖောက်၊ လေကလည်း တအားတိုက်တာကော၊ နည်းနည်းပြဲနေတာဆို လေကတိုက်တော့ ပိုပြဲကုန်တယ်။ ကြွက်ကတဖက် လေကတဖက်” လို့ ပြောပါတယ်။

လက်ပံကုန်း စစ်ရှောင်စခန်းမှာ အိမ်ခြေ ၈၀ ကျော်ရှိပြီး လူဦးရေ ၄၂၀ ကျော်နေထိုင်ကာ အဘိုးအဘွားနဲ့ ကလေးငယ်ပေါင်း ၂၀၀ ကျော် ပါဝင်နေထိုင်နေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေက ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းနဲ့ ဒေါငံခါးရပ်ကွက်တွေကနေ စစ်ဘေးရှောင်လာကြတာဖြစ်ပြီး စစ်ရှောင်ကာလ သုံးနှစ်ထိရှိနေပြီလို့ ဆိုပါတယ်။

ခုလက်ရှိအချိန်မှာ ကုန်စျေးနှုန်းတွေကလည်း မြင့်တက်နေပြီး စီးပွားရေး လုပ်ကိုင်စားသောက်ဖို့ မြေနေရာအခက်အခဲတွေ၊ တောင်ယာအငှားလိုက်ဖို့ မရှိတာတွေ၊ နေရပ်ပြန်ပြီး စီးပွားရေးလုပ်လို့ မရတာတွေ၊ ရင်းနှီးငွေ မရှိတာတွေကြောင့် ပြည်သူလူထုက ထောက်ပံ့မှုကိုသာ မှီခိုနေရတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ သုံးသိန်းနီးပါးထိရှိနေပြီး စစ်ရှောင်ကာလ ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ မိုးကာတွေ လိုအပ်ပြီး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013