DVB Logo
Home
မြန်မာသတင်း
မိုးမောက်-လွယ်ဂျယ်လမ်းကို စိုးမိုးထားသော်လည်း လွယ်ဂျယ်မြို့ထဲ KIA မဝင်ရောက်သေး
DVB
·
April 3, 2024
မိုးမောက်-လွယ်ဂျယ်လမ်းကို စိုးမိုးထားသော်လည်း လွယ်ဂျယ်မြို့ထဲ KIA မဝင်ရောက်သေး
Donate to DVB

ကချင်ပြည်နယ်၊ မိုးမောက်-ဒေါ့ဖုန်းယန်၊ မိုးမောက်-လွယ်ဂျယ် လမ်းတောက်လျှောက်ကို နယ်မြေစိုးမိုးထားပေမဲ့ လွယ်ဂျယ်မြို့ထဲ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်တွေ ဝင်ရောက်နေရာယူတာ မရှိသေးဘူးလို့ KIA ပြောခွင့်ရသူက အတည်ပြု ပြောပါတယ်။

KIA အနေနဲ့ မတ် ၇ ရက်ကစတင်တဲ့ စစ်ဆင်ရေး တလနီးပါး ကြာလာချိန်မှာတော့ မိုးမောက်-ဒေါ့ဖုန်းယန်၊ မိုးမောက်-လွယ်ဂျယ်လမ်းတွေကို နယ်မြေစိုးမိုးနိုင်ခဲ့တာပါ။

ဧပြီ ၃ ရက်အထိကတော့ မိုးမောက်-လွယ်ဂျယ်လမ်းပေါ်က စိန်လုံကမ္ဘာဗျူဟာစခန်းကြီးနဲ့ ယောယုံစခန်းတွေ အပါအဝင် စခန်းကြီး၊ ငယ် ၆၀ ကျော်အထိကို သိမ်းထားပြီးနောက် လွယ်ဂျယ်မြို့ကိုလည်း ဝိုင်းပတ်ထားတဲ့ အနေအထားလို့ ဆိုပါတယ်။

KIO/KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက “လောလောဆယ်တော့ မိုးမောက်နားက ကျောက်စခန်းကို မနေ့ကသိမ်းလိုက်တယ်။ အဲဒီအထိကတော့ ကျနော်တို့ ထိုင်နေပါပြီ။ ကျနော်တို့ထိန်းချုပ်တဲ့ အနေအထားတော့ ရှိပါတယ်။ ပြည်သူလူထုတွေ သွားရေး လာရေးတွေ၊ ကုန်စည်စီးဆင်းမှုတွေက‌တော့ မလွတ်လပ်သေးပါဘူး၊ မရှိသေးပါဘူး။ အာလုံးကတော့ သတိအနေအထားနဲ့ပဲ နေကြတယ်။ တရားဝင်ဂိတ် ဖြစ်နေတာပေါ့နော်။ ပူးပေါင်းပြီးမှ နှစ်နိုင်ငံရဲ့ ပူးပေါင်းမှုနဲ့ စီးပွားရေးဂိတ် ဖြစ်နေတာ” လို့ ပြောပါတယ်။

တရုတ်-မြန်မာ ကုန်စည်စီးဆင်းရေး နယ်စပ်ဂိတ်ရှိတဲ့ လွယ်ဂျယ်မြို့မှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အကုန်နီးပါး ထွက်ခွာသွားကြပြီး နယ်စပ်အနားမှာရှိတဲ့ တပ်ရင်းတခုပဲ လက်နက်မချသေးတာကြောင့် ဆက်လက်ပိတ်မိနေတာလို့ စစ်ရှောင်ဒေသခံတဦးက ရှင်းပြပါတယ်။

ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေက တရုတ်နိုင်ငံထဲကို တောလမ်းတွေကနေ ထွက်ပြေးနေတာကြောင့် ဧပြီ ၃ ရက်မှာ လွယ်ဂျယ်တမြို့လုံးနီးပါး KIA လက်ထဲ ကျရောက်နေပြီလို့ ကြားသိရကြောင်း တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောကလည်း ပြောပါတယ်။

“သူတို့ အကုန်ပြေးကုန်တာ ဖြစ်တာကို။ အဲတော့ သူတို့အတွက် တရုတ်ကဝင်ပြီးတော့ ၃၀ ရာခိုင်နှုန်းပေးတို့၊ ဘာတို့များ ဖြစ်လာဦးမလား မသိဘူး။ အဲသလောက်တော့ ဖြစ်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်က အပစ်အခတ်ရပ်စဲရေးတွေပြီးရင် နိုင်ငံရေးအရ ဆွေးနွေးပွဲတွေဖြစ်အောင် ကြိုးစားနေပါတယ်လို့ ပြောတာကိုးနော့။ မနေ့ကလား တနေ့ကလား တရုတ်နိုင်ငံခြားရေးဌာနက အာရှရေးရာ အထူးကိုယ်စားလှယ် တိန်ရှီကျင်းက မင်းအောင်လှိုင်နဲ့ တွေ့တာလေ။ အဲတော့ အဲဒီဟာတွေက ဆက်ဖြစ်နေမယ်လို့ထင်တယ် ကြည့်ရတာ။”

လွယ်ဂျယ်မြို့သာ  KIA လက်ထဲ ကျရောက်ခဲ့ပါက ချင်းရွှေဟော်နဲ့ ၁၀၅ မိုင်ဂိတ်တွေကိုလည်း  MNDAA နဲ့ TNLA တို့က သိမ်းပိုက်ထားတာကြောင့် တရုတ်-မြန်မာ နယ်စပ်ဂိတ်ရှိတဲ့ မြို့အားလုံးနီးပါးဟာ တိုင်းရင်းသားလက်နက်ကိုင်တွေလက်ထဲ ကျရောက်သွားမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် နေရာအနံ့အပြားမှာ စစ်ကောင်စီကို တော်လှန်တဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်ပြီး ဆွမ်ပရာဘွမ်မြို့မှာလည်း ခလရ ၄၆ ဗျူဟာတပ်စခန်းကို ဆက်လက် တိုက်ခိုက်နေပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေပြီး အရပ်သားထိခိုက်မှုနဲ့ စစ်ဘေးရှောင်တွေလည်း နေ့တိုင်းတိုးလာနေပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013