
တောင်ကိုရီးယားရဲ့ အသစ်စမ်းသပ်ထားတဲ့ အသံထက်မြန်တဲ့ လျှောပျံဒုံးယာဉ်ဟာ သူတို့ ပြောထားတဲ့အတိုင်း အသံထက်အဆပေါင်းများစွာ မြန်ဆန်တဲ့ အမြန်နှုန်းနဲ့ ပျံသန်းနိုင်ခြင်း မရှိသေးဘူးလို့ မြောက်ကိုရီးယား ဒုံးပျံရေးရာဌာနမှူးက ပြောကြားလိုက်တယ်လို့ အောက်တိုဘာ ၁၅ ရက်မှာ နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၈ ရက် စမ်းသပ်မှုအပြီး တောင်ကိုရီးယားဘက်က ထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံတွေမှာ အသံထက်မြန်တဲ့ ဟိုက်ပါဆောနစ်ပျံသန်းမှုနဲ့ ဆက်စပ်နေတဲ့ အရိပ်အယောင်မျိုး မတွေ့ရဘူးလို့ မြောက်ကိုရီးယား ဒုံးပျံစီမံခန့်ခွဲရေးဌာန အကြီးအကဲ ဂျန်ချန်းဟာက ပြောပါတယ်။
တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်ဟာ ပြည်တွင်းမှာပဲ တီထွင်ထုတ်လုပ်ထားတဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်ကို ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်ရာမှာ ကြီးကြပ်ခဲ့တယ်လို့ သမ္မတရုံး က အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်နေချိန်နဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ရှောင်ကွင်းနိုင်မဲ့ လက်နက်တွေ အပြိုင်အဆိုင် တီထွင်ထုတ်လုပ်နေကြချိန်မှာ တောင်ကိုရီးယား သမ္မတ တယောက်အနေနဲ့ ဒုံးကျည်စမ်းသပ်မှုကို လူသိရှင်ကြား ကြီးကြပ်ပြသတာဟာ အလွန်ထူးခြား ရှားရှားပါးပါး ဖြစ်ရပ်တခု ဖြစ်ပါတယ်။
Source: Reuters











