DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့်  ပြည်သူ ၃၀ ကျော်သေဆုံး၊ ၈၀ ဒဏ်ရာရ
DVB
·
April 3, 2024
ရခိုင်တွင် မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့်  ပြည်သူ ၃၀ ကျော်သေဆုံး၊ ၈၀ ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်မှာ မတ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား အနည်းဆုံး အယောက် ၃၀ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၈၀ နီးပါးအထိရှိခဲ့တယ်လို့  DVB က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရသိရပါတယ်။ 

စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ အမ်း၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနဲ့ မြေပုံမြို့နယ်တွေမှာ မတ် ၁ ရက်မှ မတ် ၃၁ ရက်အထိ တလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ထက်မနည်း ပြုလုပ်ခဲ့ပြီး အရပ်သား သေဆုံးသူ ၃၃ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၈၀ နီးပါး အထိရှိခဲ့ပါတယ်။

အခုတိုက်ခိုက်ခံရတဲ့ မြို့နယ်တွေဟာ ရက္ခိုင့်တပ်တော်(AA)က ဖေဖော်ဝါရီလအတွင်း သိမ်းပိုက်ထားတဲ့ မြို့နယ်တွေဖြစ်ပြီး တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်လာတာဟာ စစ်ဖက်၊ အရပ်ဖက် ခွဲခြားမှု မရှိတော့ဘဲ တိုက်ခိုက်လာတာလို့ ရခိုင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောပါတယ်။

စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်းတင်းတင်း ကျူးလွန်နေတာဖြစ်တာကြောင့် နိုင်ငံတကာအနေနဲ့လည်း စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်စေချင်တယ်လို့  ဦးမြတ်ထွန်းက ဆိုပါတယ်။

မတ် ၁၇ ရက်က မြောက်ဦးမြို့ပေါ်မှာ ၄ နေရာထက်မနည်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အရပ်သား ၂ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် မတ် ၁၈ ရက်ကလည်း မင်းပြားမြို့နယ်၊ သာဒါကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် အပါဝင်အရပ်သား ၂၂ ယောက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၉ ယောက်အထိ ရှိခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။

မြောက်ဦးမြို့နယ်၊ အထက်လေညှင်းတောင်ကျေးရွာကိုလည်း မတ် ၂၁ ရက်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေး ၄ ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉  ဦးအထိရှိခဲ့ပါတယ်။

မြောက်ဦးမြို့နယ်ကို AA တပ်တွေက ဖေဖော်ဝါရီ ၈ ရက်ကတည်းက သိမ်းပိုက်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း မကြာခဏဆိုသလို လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ  ပြုလုပ်နေပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ဆေးခန်း၊ သာသနိကအဆောက်အဦး၊ စာသင်ကျောင်းနဲ့ အရပ်သားတွေရဲ့ နေအိမ် ထိခိုက်ပျက်စီးမှု ၁၀၀ ထက်မနည်းရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံးသူ ၁၁၁ ယောက်အထိရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၅၇ ယောက်အထိရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန် ပါတယ်။

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013