
ရှမ်းပြည်နယ်မြောက်ပိုင်းက ညီနောင်မဟာမိတ်တွေရဲ့ ပဋိပက္ခတွေ ဖြစ်ပြီးနောက် မူဆယ် ၁၀၅ မိုင်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အလံကို ကိုးကန့်တပ် (MNDAA) ဘက်က ပြန်လည်လွှင့်ထူပေးလိုက်သလို သိမ်းဆည်းထားတဲ့ လက်နက်တွေကိုလည်း ပြန်အပ်လိုက်ပြီလို့ သိရပါတယ်။
တလကျော်ကြာ TNLA နဲ့ MNDAA တို့အကြား ပဋိပက္ခတွေဟာ နှစ်ဖက်ခေါင်းဆောင်တွေ ၄ ရက်ကြာ ဆွေးနွေးပြီးနောက် အပစ်ရပ်ပြေလည်မှု ရရှိတာကြောင့် မတ် ၂၄ ရက်မှာပဲ ၁၀၅ မိုင်က ဖြုတ်ချထားတဲ့ TNLA အလံကို ပြန်လည်လွှင့်ထူပေးလိုက်တာလို့ MNDAA စစ်ရေးသတင်းအရင်းအမြစ်က ဆိုပါတယ်။
MNDAA စစ်ရေးသတင်းအရင်းအမြစ်က “ညီနောင် ၃ ဖွဲ့ မဟာမိတ်ဆက်ဆံရေးလည်း ရှိနေတဲ့အတွက် ၁၀၅ မိုင်မှာ TNLA အလံ ပြန်ထောင်ပေးလိုက်တာ။ TNLA တပ်ဖွဲ့ဝင်တွေတော့ မရှိဘူး။ အလံပြန်တပ်ပေးတာကလည်း MNDAA ဘက်ကပဲ လိုက်တပ်ပေးတာ။ ပဋိပက္ခဖြစ်တဲ့ အချိန်တုန်းက သိမ်းထားတဲ့ လက်နက်တွေကိုတော့ ပြန်ထုတ်ပေးလို့ TNLA ဘက်က လာယူတယ်” လို့ DVB ကို ပြောပါတယ်။
လတ်တလောမှာ MNDAA ဟာ ကွတ်ခိုင်မြို့ကို ထိန်းချုပ်ထားပြီး မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ အနီးကျေးရွာတွေကိုလည်း အာရက္ခတပ်တော် (AA) နဲ့အတူ ထိန်းချုပ်ထားတယ်လို့ MNDAA ဘက်က ဆိုပါတယ်။
MNDAA နဲ့ TNLA တို့ဟာ ၄ ရက်ကြာ ဆွေးနွေးပြီးနောက် အပစ်ရပ်ရေးအပါ အချက် ၅ ချက်ကို သဘောတူခဲ့ကြပြီး လက်ရှိမှာတော့ ကွတ်ခိုင်က တိမ်းရှောင်သွားတဲ့ TNLA တပ်ဖွဲ့ဝင်တွေကို စာရင်းပေး လက်နက်အပ်ပြီး အရပ်သားအနေနဲ့ နေထိုင်ဖို့ MNDAA ဘက်က စည်းရုံးနေတာ ရှိပါတယ်။
ပဋိပက္ခကာလက ဖမ်းဆီးခံထားရတဲ့ TNLA တပ်သား ၁၀၀ ကျော်ကိုလည်း MNDAA က မုံးကိုးမှာ ထိန်းသိမ်းထားပြီး မိသားစုဝင်တွေ စိတ်မပူကြဖို့နဲ့ ညှိနှိုင်းမှု အဆင်ပြေရင် ပြန်လွှတ်ပေးဖို့ ရှိတယ်လို့လည်း ပြောဆိုပါတယ်။










