DVB Logo
Home
မြန်မာသတင်း
အဓမ္မစစ်မှုထမ်းခိုင်းခံရသည့် လူငယ်များကို တကသများ -ရန်ကုန်က ကူညီ
DVB
·
April 2, 2024
အဓမ္မစစ်မှုထမ်းခိုင်းခံရသည့် လူငယ်များကို တကသများ -ရန်ကုန်က ကူညီ
Donate to DVB

စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်တဲ့ အသက် ၁၈ ကနေ ၃၅ နှစ်ထိ ကျောင်းသားလူငယ်တွေကို လွတ်မြောက်ရာဒေသတွေဆီ သွားရောက်ခိုလှုံနိုင်ဖို့အတွက် တကသများ-ရန်ကုန် ကျောင်းသားလက်ရုံး တပ်တော်အနေနဲ့ ကူညီပေးနေတယ်လို့ သိရပါတယ်။

ကျောင်းသားလူငယ်တွေအနေနဲ့ စစ်မှုထမ်းစေခိုင်းရာကနေ ရှောင်တိမ်းနိုင်ဖို့ နီးစပ်ရာ ကျောင်းသားသမဂ္ဂအဖွဲ့တွေကို လုံခြုံစွာ တိုင်ပင်ဆွေးနွေးနိုင်ပြီး လွတ်မြောက်နယ်မြေတွေဆီ ခိုလှုံဖို့အထိ ကူညီပေးနေတဲ့အကြောင်းကို တကသများ-ရန်ကုန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခရစ္စတင်းက DVB ကို ပြောပါတယ်။

“လက်ရှိမှာတော့ ကျမတို့ တကသများ-ရန်ကုန် ကျောင်းသားလက်ရုံးတပ်တော်အနေနဲ့ အတင်းအကျပ် စစ်မှုထမ်းစေခိုင်းဖို့ အလားအလာရှိနေတဲ့ လူငယ်တွေ နောက် ရန်သူ့စိုးမိုးနယ်မြေတွေကို ရောက်ရှိနေတယ်ဆိုရင် အဲဒီကနေ အရင်ဆုံး လွတ်မြောက်ရာဒေသကို ခိုလှုံနိုင်ဖို့အတွက် ကျမတို့ ကူညီနိုင်တယ်။ ကျမတို့ အတိုင်းအတာ တခုထိ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတချို့ရှိမယ်။ နောက်ပြီးတော့ ကျမတို့နဲ့ ခိုင်မာစွာ တည်ဆောက်ထားနိုင်တဲ့ မဟာမိတ်တွေပေါ့နော်၊ မဟာမိတ်တွေရဲ့ နယ်မြေတချို့မှာ ပူးပေါင်းပြီးတော့ လုံခြုံရေးကို အတိုင်းအတာတခုထိ တာဝန်ယူထားပေးနိုင်တယ်။ နောက်ပြီးတော့ လူငယ်တွေအနေနဲ့ ကျင်းထဲကျပ်ထဲရောက်နေတဲ့ အခြေအနေရှိတယ်၊ နောက် အခက်အခဲတွေ ကြုံနေရပြီဆိုရင် ကိုယ့်ရဲ့ အနီးစပ်ဆုံး သမဂ္ဂကို တိုင်ပင်ဖို့ ကျမတို့ဘက်က တောက်လျှောက် awareness ပေးနေတာမျိုးလည်း ရှိပါတယ်။”

တကသများ-ရန်ကုန် ကျောင်းသားလက်ရုံးတပ်တော်က စစ်မှုထမ်းဥပဒေနဲ့ ဖိနှိပ်ခံနေရတဲ့ လူထုကို ထိရောက်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ကူညီပေးဖို့ NUG, NUCC ကို အချက်လေးချက်ပါ အိတ်ဖွင့်ပေးစာကိုလည်း မတ် ၂၂ ရက်က ပေးပို့ထားတယ်လို့ သိရပါတယ်။

တသကများ-ရန်ကုန် ကျောင်းသားလက်ရုံးတပ်တော်နဲ့ ပူးပေါင်းပြီး တတ်ကျွမ်းတဲ့ ပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်း Technical vocational Education and training တွေ ပေးနိုင်ဖို့ စီစဉ်ထားကြောင်းနဲ့ လာရောက်ဆက်သွယ်သူတွေကိုလည်း အကူအညီတွေပေးနေကြောင်း အင်းစိန် GTI ကျောင်းသားများသမဂ္ဂ ပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေး တာဝန်ခံ ကိုဟိန်းညီညီက ပြောပါတယ်။

“ကျနော်တို့ကို ဆက်သွယ်လာတယ်ပေါ့၊ လွတ်မြောက်သွားဖို့ကတချက်၊ နောက်တခုက ပြည်ပတွေ အနီးဆုံး ထိုင်းကို ဘယ်လိုသွားရမလဲဆိုတဲ့ အချက်တွေပေါ့။ ဒီလွတ်မြောက်ဒေသတွေမှာ ကျနော်တို့ကျောင်းဆိုရင်လည်း အင်ဂျင်နီယာကျောင်းသားတွေ အနေနဲ့ ရေအားလျှပ်စစ်လိုဟာမျိုးတွေ၊ ဆိုလာနဲ့ မီးရအောင်လုပ်တဲ့ ပုံစံမျိုးတွေ၊ နောက် ဆက်သွယ်ရေးစနစ် ကောင်းမွန်အောင်ဟာတွေပေါ့၊ တချို့ဆောက်လုပ်ရေးဟာတွေပေါ့။ အဲလိုမျိုးတွေကို ကျနော်တို့က လွတ်မြောက်ဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်တယ်။ ဒီက ကျောင်းသားတွေက အပိုလူတွေ မဟုတ်ဘူး ဆိုတာကို ပြချင်တဲ့ အနေအထားမျိုးပေါ့။ ကျနော်တို့ အင်းစိန် GTI က တကသများအောက်မှာပါတဲ့ သမဂ္ဂကျောင်းတကျောင်း ဖြစ်တယ်ပေါ့။ ကျနော်တို့ တကသနဲ့ အင်းစိန် GTI သမဂ္ဂနဲ့ ပေါင်းပြီး လွတ်မြောက်ဒေသတွေမှာ ခိုလှုံလာတဲ့သူတွေကို TVET ပညာရေး မျှဝေနိုင်ရေး လုပ်ဖို့အတွက် စီစဉ်နေတဲ့ကိစ္စတွေ ရှိတယ်။ စစ်သင်တန်းတက်မယ့် တော်လှန်ရေးအတွက် ပါဝင်မယ့် ရဲဘော်တွေအတွက်ကလည်း ကြိုဆိုပြီးတော့ စစ်သင်တန်းပေးမယ့် လုပ်ငန်းကိစ္စတွေ ဆောင်ရွက်နေတာလည်း ရှိပါတယ်။”

၂၀၁၀ ပြည့်နှစ်မှာ လက်မှတ်ထိုးပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာတည်ကြောင်း စစ်ကောင်စီက ကြေညာခဲ့တာပါ။

၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်တဲ့ အမျိုးသား ခြောက်သန်းကျော်နဲ့ အမျိုးသမီး ခုနစ်သန်းကျော်၊ စုစုပေါင်း ၁၃ သန်းရှိတယ်လို့ အာဏာသိမ်း စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013