Home
မြန်မာသတင်း
မြန်မာ့အရေး တရုတ်နှင့် အမေရိကန် အားပြိုင်မှု 
DVB
·
April 2, 2024

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရုတ် သြဇာကြီးထွားလာမှု၊ အမေရိကန်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ K3C တွေ့ဆုံမှုတွေအပါအဝင် မြန်မာ့အရေးနဲ့ပတ်သက်လို့ တရုတ်နဲ့ အမေရိကန်ရဲ့ အားပြိုင်မှုတွေကို ဆက်တိုက်မြင်တွေ့လာရပါတယ်။

အချိန်တိုအတွင်း မြို့အများအပြားကို သိမ်းပိုက်နိုက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ တဆက်တည်းဖြစ်လာတဲ့ တော်လှန်ရေးအရှိန်အဟုန်ကြောင့် မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့အာရုံစိုက်မှုကို ပြန်ပြီးခံခဲ့ရတာပါ။

စစ်ဆင်ရေးအတွင်း ရှမ်းမြောက်မှာရှိတဲ့ မြို့အားလုံးနီးပါးကို ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာတော့ တရုတ်ရဲ့ကြားဝင်မှုရှိလာခဲ့ပြီး စစ်ကောင်စီနဲ့အကြား တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးမှုတွေအကြိမ်ကြိမ်ရှိခဲ့ပါတယ်။

တဖက်မှာလည်း အမေရိကန်အစိုးရက Burma Act ပါဝင်တဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAAကို အတည်ပြုပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ ဒေါ်လာ ၁၂၁ သန်းသုံးဖို့ ခွင့်ပြုခဲ့သလို K3C လို့ခေါ်တဲ့ KNU၊ KIA၊ KNPP နဲ့ CNF အဖွဲ့တို့နဲ့လည်း အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက် ချောလက်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

K3C တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း မြို့တွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို အများအပြားသိမ်းပိုက်ထားနိုင်တဲ့အဖွဲ့တွေဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေး အဆင့်မြင့်ပုဂ္ဂိုလ်နဲ့ တွေ့ဆုံရာမှာ ဘာတွေဆွေးနွေးလဲဆိုတာနဲ့ပတ်သက်လို့တော့ အသေးစိတ်ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

ဒီအခြေအနေတွေကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တရုတ်ရဲ့လွှမ်းမိုးမှုတွေကို တန်ပြန်တဲ့အခြေအနေဖြစ်မလားဆိုတဲ့ မေးခွန်းတွေလည်းရှိလာပါတယ်။

ဟိုင်ဂင်ဆွေးနွေးပွဲလို့ခေါ်တဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တွေ့ဆုံမှုတွေအပြီး  ရှမ်းမြောက်မှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တွေအကြား အပစ်အခတ်ရပ်စဲခဲ့ပါတယ်။ တဆက်တည်းမှာပဲ ရှမ်းမြောက်မှာသိမ်းထားတဲ့မြို့တွေကို ကိုးကန့်တပ်နဲ့ တအာင်းတပ်တွေက ဆက်လက်ထိန်းချုပ်နိုင်ခဲ့သလို နယ်စပ်ကုန်သွယ်ရေးတွေမှာလည်း စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေအကြား အကျိုးအမြတ်ခွဲဝေတာတွေ ရှိခဲ့ပါတယ်။ ဒီအခြေအတွေကို ကြည့်ရင်တော့ တရုတ်ရဲ့ သြဇာက ရှေ့လျှောက်ပိုပြီးကြီးထွားလာဖို့ပဲရှိတယ်လို့ ဒေါက်တာလှကျော်ဇောကသုံးသပ်ပါတယ်။

မြန်မာ့အရေးကျွမ်းကျင်သူတဦးကလည်း ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တရုတ်ရဲ့  သြဇာပိုကြီးထွားလာတာကို အနောက်နိုင်ငံတွေက ရိပ်မိလာကြသလို တန်ပြန် သြဇာလွှမ်းမိုးဖို့ နည်းလမ်းရှာနေကြတာကိုတွေ့ရတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အမေရိကန်အနေနဲ့ကတော့ မြန်မာ့အရေးဆောင်ရွက်ရာမှာ တရုတ်ကို ရန်ပြုရေး အထိတော့ သွားမှာမဟုတ်ဘဲ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက်ပဲလို့ သူသုံးသပ်ပါတယ်။

အမေရိကန်က ပေးမယ့် အကူအညီ ဒေါ်လာ ၁၂၁ သန်းကို ကြည့်ရင်  နယ်စပ်ဖြတ်ကျော် အထောက်အပံ့တွေက်အတွက် ၇၅ သန်းလျာထားပြီး၊ နည်းပညာအကူညီနဲ့ လက်နက်မဟုတ်တဲ့ အထောက်အပံ့အတွက် ၂၅ သန်း၊ အုပ်ချုပ်ရေးနဲ့ဖက်ဒရယ်ရေးရာအစီစဉ်တွေအတွက် ၁၀ သန်း စတာတွေအပါအဝင် စုစုပေါင်း ကဏ္ဍ ၇ ခုပါဝင်ပါတယ်။

လက်နက်အကူအညီတွေ မပါဝင်ပေမဲ့ စစ်ရှောင်တွေအတွက် အထောက်အပံ့တွေဖြစ်လာစေမှာမို့ ဒါဟာကောင်းတဲ့အချက်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် စစ်ရေးအရအကူအညီပေးဖို့ကိုတော့ ရှောင်ရှားနေဦးမယ့် သဘောကိုတွေ့နေရတယ်လို့ ဆိုပါတယ်။

အငြိမ်းစားစစ်တပ်အရာရှိတဦးကတော့  K3C နဲ့ တွေ့တဲ့သူဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်သာဖြစ်ပြီး အစိုးရအဖွဲ့ဝင်မဟုတ်ဘဲ ငှားရမ်းထားသူအဆင့်သာဖြစ်သလို မြန်မာနဲ့ပတ်သက်လို့ အကူအညီတွေကလည်း လက်နက်မပါဝင်တဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေထက်မပိုဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ အမေရိကန်အနေနဲ့ကတော့ တရုတ်နဲ့အကြား အားပြိုင်မှုတွေဟာ မြန်မာပြည်တွင်း အရင်ထက် ပိုလာပြီဖြစ်ပြီး စည်းလုံးမှုမရှိဘူးဆိုရင်တော့ နိုင်ငံတကာဝင်စွက်မှုတွေက ပိုပြီးများလာလိမ့်မယ်လို့လည်း ဆိုပါတယ်။

အမေရိကန်ရဲ့ K3C တွေ့ဆုံမှုအပြီးမှာတော့ တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် တိန်ရှီကျင်းဟာ   ဧပြီ  ၁ ရက်မနက်က နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့  တွေ့ဆုံခဲ့ပြန်ပါတယ်။

တွေ့ဆုံရာမှာ နယ်စပ်ဒေသနဲ့ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးနေတဲ့ကိစ္စ၊ မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံအနေနဲ့ကူညီ ဆောင်ရွက်ပေးနေတဲ့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ အွန်လိုင်းလောင်းကစားမှုတွေနဲ့ အွန်လိုင်းလိမ်လည်မှုပပျောက်စေရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်တွေ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေကို  ဆွေးနွေးခဲ့ကြတယ်လို့လည်းဆိုပါတယ်။

ဒီအခြေအနေတွေကြောင့် တရုတ်နဲ့ အမေရိကန်အကြား အားပြိုင်မှုတွေက ပိုပြီးမြင်လာရာဖို့ရှိတယ်လို့ သုံးသပ်တာတွေလည်းရှိနေပါတယ်။

ထက်အောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024