DVB Logo
Home
မြန်မာသတင်း
KIA နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားအားထုတ်နေဟု NUG ယာယီသမ္မတ ပြော
DVB
·
April 2, 2024
KIA နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားအားထုတ်နေဟု NUG ယာယီသမ္မတ ပြော
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက် ကြိုးစားအားထုတ်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဧပြီ ၂ ရက် ဒီကနေ့မှာ ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ခုလိုပြောလိုက်တာ ဖြစ်ပြီး KIA ရဲ့ ခုခံတော်လှန်စစ်ရေးရလဒ်တွေဟာ အင်မတန် အားရ ကျေနပ်စရာကောင်းတာကိုလည်း ထင်ထင်ရှားရှားတွေ့ရသလို လက်ရှိတည်ဆဲအခင်းအကျင်းမှာ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသား လွတ်မြောက်မှု တော်လှန်ရေးတွေဟာ တသားတည်း ပေါင်းစည်းနိုင်ခဲ့တာကို လက်ကမ်းကြိုဆိုတယ်လို့လည်း သူက ပြောပါတယ်။

“နွေဦးတော်လှန်ရေးမှာ အတိတ်က ဒီမိုကရေစီတော်လှန်ရေး၊ ကျောင်းသား တော်လှန်ရေး၊ လူ ထုတော်လှန်ရေး၊ တိုင်းရင်းသားတော်လှန်ရေး… စတဲ့ အတိတ်က လျှောက်လှမ်းခဲ့တဲ့ တော်လှန်ရေးအသီးသီးရဲ့ နောက်ကွယ်က ကျေးဇူးပြုမှုတွေ ရှိခဲ့လို့သာ နွေဦးတော်လှန်ရေးလှိုင်းဟာ အမြင့်မားဆုံး ဒီရေအထိ ရောက်ရှိခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် အချိန်အခါကောင်းနဲ့ အခွင့်အခါကောင်းကို အလေးအနက်ထား စဉ်းစားပြီး လူထုအတွက် အကောင်းဆုံးသော တော်လှန်ရေးရလဒ်တွေ ထပ်မံ ဆောင်ကြဉ်းပေးဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်။ နောင်လာမယ့် ၂၀၂၅ ခုနှစ်မှာ မျှော်မှန်းနိုင်မယ့် တော်လှန်ရေး ရလဒ်တွေကို အခုအချိန်ကတည်းက ကွင်းဆက်မိမိ စနစ်တကျ တည်ဆောက်ထားဖို့ လိုကြောင်း ပြောချင်ပါတယ်။”

ဒါအပြင် ယာယီသမ္မတ ဒူဝါလရှီးလက မဟာဗျူဟာ စဉ်းစားချက်တွေဟာ လူထုရဲ့ ဘေးဒုက္ခတွေကို လျော့ပါး သက်သာစေဖို့ အဓိက စဉ်းစားရမှာ ဖြစ်သလို လူထုကို အမြဲတမ်း ဒုက္ခပေးနေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းဖို့အတွက်လည်း အဓိကထား စဉ်းစားရမှာ ဖြစ်ကြောင်းနဲ့ အားလုံး ပြည်သူလူထုနဲ့အတူ တော်လှန်ရေး အောင်ပွဲတွေဆီ ဆက်လက်ချီတက်နိုင်ကြဖို့ အထူးမျှော်လင့်ကြောင်းလည်း ပြောလိုက် ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကတော့ “NUG အစိုးရဟာ လေလှိုင်းထဲကအစိုးရ မဖြစ်စေရဘူး” လို့လည်း ပြောထားပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်မှာရှိတဲ့ သက်တမ်း ၇၀ ခန့်ရှိ စိန်လုံ စစ်ကောင်စီ ဗျူဟာတပ်စခန်းကြီးကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ဧပြီ ၁ ရက် မနေ့မနက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013