DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းထွက် ငါးစည်ဖောင်းခြောက်များ ဈေးကောင်းမရဖြစ်နေ 
DVB
·
April 2, 2024
ဧရာဝတီတိုင်းထွက် ငါးစည်ဖောင်းခြောက်များ ဈေးကောင်းမရဖြစ်နေ 
Donate to DVB

ဧရာ၀တီတိုင်းမှ ထွက်ရှိတဲ့ ပင်လယ် ငါးစည်ဖောင်းခြောက်တွေ စစ်တပ် အာဏာသိမ်းမှု ဒဏ်ကြောင့် ပြည်ပဈေးကွက်ကို ပြန်လည်မတင်ပို့နိုင်သေးတဲ့အတွက် ဈေးကောင်းမရလို့ ငါးစည် ဖောင်လုပ်ငန်း လုပ်သူတွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ငါးစည်ဖောင်းခြောက် ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ 

အဲ့ဒီ ငါးစည်ဖောင်းခြောက်တွေကို စစ်တပ် အာဏာမသိမ်းခင်က ပြည်ပဈေးကွက်ဖြစ်တဲ့ စင်ကာပူ၊ တရုတ်၊ ထိုင်း စတဲ့ နိုင်ငံတွေကို တင်ပို့ရောင်းချခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး အကျပ်အတည်းတွေဖြစ်ပေါ်နေလို့ ဒီနေ့အထိ ပြန်လည်တင်ပို့ မရောင်းချနိုင်သေးဘဲ ဈေးကောင်းမရဖြစ်နေတာလို့ သိရပါတယ်။ 

“ပင်လယ်ငါးစည်ဖောင်းခြောက်ဈေးကွက်က တော်တော် လေးထိုးကျလာတယ်။ ဒီ ရက်ပိုင်းအတွင်း ပိုဆိုးလာတယ်။ ပြည်တွင်းဈေးတခုတည်းကို အားကိုးနေရတာလေ။ ဈေးက ဘယ်ရမလဲ။ အရင်က ပြည်ပဈေးကွက်ရှိတော့ အရောင်းလည်းသွက်သလို ဈေးကောင်းလည်းရတယ်။ ဈေးကောင်းရရှိတာ့ ရေလုပ်သားတွေကော၊ ကုန်သည်တွေကော အဆင်ပြေခဲ့တယ်။ အခုတော့ အကုန်ငုတ်တုတ်မေ့နေတယ်၊ ဒီအတိုင်းဆို အဆင်ပြေတော့ဘူး၊ အကုန်ငတ်ကုန်မှာ။ စည်ဖောင်းခြောက် လုပ်ရတဲ့ ငါးတွေကလည်း အရင်ထက် ရှားလာတယ်၊ ကုန်ချိန်က သိပ်မရဘူးလေ၊ ကုန်ချိန်ကမရ၊ ဈေးကမရဖြစ်နေတာ” လို့ ဖျာပုံမြို့မှ ငါးမျိုးစုံရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်တယောက်က ပြောပါတယ်။ 

ငါးစည်ဖောင်ခြောက်ဈေးအနေနဲ့ စစ်တပ်အာဏာမသိမ်းခင်က ငါးရွှေငါး စည်ဖောင်းခြောက်တပိဿာကို ငွေကျပ် ၇၅,၀၀၀၊ ငါးယောင်ငါး စည်ဖောင်းခြောက် တပိဿာကို ငွေကျပ် ၄၅,၀၀၀၊ ငါးပုတ်သင်ငါးစည်ဖောင်းခြောက် တပိဿာကို ငွေကျပ် ၁၂ဝ,၀၀၀ ဈေးအထိ ပေါက်ခဲ့ပြီး လက်ရှိမှာတော့ ငါးရွှေငါးက ငွေကျပ် ၄၀,၀၀၀၊ ငါးယောင်ငါးက ငွေကျပ် ၂၅,၀၀၀၊ ငါးပုတ်သင်က ငွေကျပ် ၄၅၀၀၀ ဈေးသာ ပေါက်တော့တယ်လို့ သိရပါတယ်။ 

''လုပ်လို့ ကိုင်လို့ အဆင်ပြေဘူးဆို အကုန်အဆင်ပြေ ဖြစ်လာတာ။ ရသလောက်လေးနဲ့ မငတ်ရေးလုပ်လာတာ။ ဈေးကကောင်းကောင်းမရတဲ့အပြင် အခုနှစ် ငါးဖမ်းရာသီမှာ စည်ဖောင်းထုတ်လို့ရတဲ့ ငါးတွေ တနေ့ တကောင်တောင် မရတဲ့နေ့ရှိတယ်။ စည်ဖောင်းလုပ်တဲ့ ငါး မရေတာ့ အခြားငါးတွေလည်း ရသလားဆိုတော့ မရဘူး ဖြစ်နေတယ်။ အရင် သုံးနှစ်လောက်ကို အလုပ်လုပ်ရတာ အဆင်ပြေဘူး၊ ငါးတွေရှားပါးလာတာပါ။ ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းတာတွေကြောင့်လေ၊ ဒီတရားမဝင် ငါးဖမ်းဆီးတာတွေကို ထိထိရောက်ရောက်အရေး မယူနိုင်တဲ့အပြင် အခုနောက်ပိုင်း ပိုဆိုးလာနေတယ်။ အဲ့တော့ သမာရိုးကျ ငါးဖမ်းသူတွေကျတော့ မရဘူးဖြစ်နေတာ” လို့ လပွတ္တာမြို့မှ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်တယောက်က ပြောပါတယ်။ 

ပင်လယ် ငါးစည်ဖောင်းခြောက်တွေကို ပင်လယ်ပြင်က ဖမ်းယူရရှိတဲ့ ငါးတွေဖြစ်တဲ့ ငါးရွှေ၊ ငါးယောင်၊ ငါးပုတ်သင် စတဲ့ ငါးတွေကိုဝမ်းဗိုက်ခွဲပြီး အတွင်းကနေ ရရှိတဲ့ စည်ဖောင်းတွေကို စနစ်ကျဆေးကြောသန့်ဇင် နေပူလှန်းအခြောက်ခံပြီး ရရှိတာလို့ သိရပါတယ်။ 

ဧရာဝတီတိုင်းမှာ ပင်လယ်ငါးစည်ဖောင်းခြောက် ထုတ်လုတ်တဲ့ ငါးတွေကို ဖျာပုံမြို့နယ်၊ လပွတ္တာမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နဲ့ အမာမြို့တွေမှာ ထွက်ရှိကာ အခုနှစ်တွေမှာ စည်ဖောင်း ထုတ်လို့ရတဲ့ ငါးတွေ ဖမ်းဆီးရရှိမှု လျော့ကျလာလို့ ဈေးကောင်းမရတဲ့ အခက်အခဲအပြင် ငါးကုန်ကြမ်းပါမရတဲ့ အခက်အခဲပါရှိ လာတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ငါးစည်ဖောင်းခြောက်ထုတ်လုပ်ရာမှာ ရရှိတဲ့ ငါးအမျိုးအစားတွေကို ပင်လယ်ကျားဖောင်တွေနဲ့ ပင်လယ် ကမ်းနီး ကမ်းဝေ ငါးဖမ်းလုပ်ငန်းတွေက အဓိကရရှိတာဖြစ်ပြီး ရေလုပ်ငန်းရှင်တွေနဲ့ ရေလုပ်သားတွေဟာ ငါးစည်ဖောင်း ဈေးကောင်းမရတာအပြင် ပင်လယ်ထွက် ငါးဖမ်းစရိတ်တွေ ပိုမိုကုန်ကျလာတာ၊ ကျားဖောင်ပြင်ဆင်စရိတ် များလာတာ၊ စက်သုံးဆီဈေးတွေ တက်တာ၊ လုပ်သားခဈေး နှစ်ဆလောက် တက်သွားတာ၊ ပင်လယ်မှာ ငါးတွေနည်းသွားတာ၊ သဘာဝဘေး မကြာခဏ ရှောင်ရတာ စတဲ့ အခက်အခဲတွေလည်း ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013