DVB Logo
Home
မြန်မာသတင်း
လပွတ္တာတွင် တောင်သူများ ကြွေးမြီအခက်အခဲကြောင့် လယ်များရောင်းချ ဖြေရှင်းနေရ
DVB
·
April 1, 2024
လပွတ္တာတွင် တောင်သူများ ကြွေးမြီအခက်အခဲကြောင့် လယ်များရောင်းချ ဖြေရှင်းနေရ
Donate to DVB

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်မှာ စပါးဈေးကောင်းလာပေမဲ့ တောင်သူတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် လုပ်ကိုင်နေတဲ့ လယ်တွေကို ရောင်းချနေရတယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။

အဲဒီဒေသက တောင်သူတွေအနေနဲ့ မိရိုးဖလာ လုပ်ကိုင်နေတဲ့ လယ်ကို ရောင်းချရတာဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အခက်အခဲမျိုးစုံ ကြုံနေရပြီး ဖြေရှင်းစရာ နည်းလမ်းမရှိတာကြောင့် ရောင်းချနေတာလို့ ဒေသခံ တောင်သူလယ်သမားတွေက ဆိုပါတယ်။

လပွတ္တာမြို့နယ်မှ တောင်သူတဦးက “အခု စပါးတင်း ၁၀၀ ကို ၁၇ သိန်းနဲ့ ၁၈ ဈေးအထိ ပေါက်နေတယ်။ တောင်သူတွေလက်ထဲ စပါးမကျန်မှ စပါးဈေးကတက်လာတာ။ စစ်တပ် အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းတွေက မနက်နဲ့ ညနေတောင် မတူဘူး။ အဒေါ်တို့ကလည်း လက်ထဲ စပါး မထားနိုင်ပါဘူး။ စပါးစရိတ်ကတည်းက ရောင်းထုတ်ရတာ။ သွင်းအားစုဖိုး၊ ရိတ်သိမ်းခဖိုး၊ မျိုးစေ့ဖိုး၊ ဘေးကနေ အတိုးနဲ့ဆွဲပြီး လယ်ထဲထည့်ထားတဲ့ အကြွေး အကုန်ပြန်ဆပ်ဖို့ ရောင်းခဲ့ရတာ။ အဲအချိန်က စပါးဈေးက မကောင်းခဲ့ဘူး၊ တင်း ၁၀၀ မှ ၁၃ သိန်းလောက်အထိပဲ ရှိခဲ့တာ။ သွင်းအားစုဈေးတွေကလည်း အဆမတန် ထိုးတက်နေတာ။ လယ်လုပ်ရတာ အမြတ်မရှိတာ တောင်သူတွေ ၃ နှစ်ကျော်လာပြီ။ ဘယ်ရောင်းချင်ပါ့မလဲ၊ ဘယ်လိုမှ မရှင်းတတ်တော့လို့ ရောင်းရတာ။ နှစ်ဧက ရောင်းလိုက်တယ်၊ တဧက ၂၃ သိန်းနဲ့ ဒါတောင် အကြွေးကျေရုံလောက်ပဲ ရှိသေးတယ်” လို့ ပြောပါတယ်။

တောင်သူတွေဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် စိုက်ပျိုးရေးပစ္စည်းတွေ အဆမတန် ဈေးထိုးတက်တဲ့ဒဏ်ကို ခံနေရပြီး စိုက်ပျိုးရေးကုန်ကျစရိတ်တွေ အဆမတန် ကုန်ကျခဲ့တာ၊ ဓာတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေ၊ ပေါင်းသတ်ဆေးတွေ၊ ခရုသတ်ဆေး စတဲ့ စိုက်ပျိုးရေးသွင်းအားစုတွေကို အရင်စံချိန်အတိုင်း မသုံးနိုင်တာကြောင့် စပါးတွေ အထွက်ကျဆင်းခဲ့တယ်လို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။

“လယ်တဧက ကုန်ကျစရိတ် အနည်းဆုံးက ငွေ ကိုးသိန်းလောက်အထိ ကုန်ကျစရိတ် ရှိခဲ့တယ်။ စပါးတွေက အထွက်နှုန်းကျဆင်းတော့ အရင်းကိုးသိန်းတောင် ပြန်ရအောင် မနည်းလုပ်ခဲ့ရတယ်။ ဦးလေးတို့မိသားစု အခုလုပ်နေတဲ့ လယ်ရောင်းရတဲ့ အဓိကပြဿနာက နိုင်ငံတော်ကို ပြန်ပေးဆပ်ရမယ့် ဘဏ်အကြွေးကျန်ဆပ်ဖို့ပါ။ ဘဏ်ကြွေးတွေကလည်း မဆပ်ရင် ဖမ်းမယ်၊ တရားစွဲမယ် ဆိုတာတွေ လုပ်လာလို့လေ။ အဖမ်းမခံနိုင်ပါဘူး၊ လယ်မလုပ်ရလည်း နေတော့ ဆိုပြီး ရောင်းတာပါ” လို့ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်က လယ်သမားတဦးက ပြောပါတယ်။

လယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ တာဝန်ရှိသူတဦးက “လယ်သမားတယောက်က လုပ်နေတဲ့ လယ်ကို မရောင်းချင်ပါဘူး။ သူတို့မှာ တော်တော်အကြပ်ရိုက်နေတယ်။ စပါးက မထွက်၊ စပါးဈေးက စပါးမရှိမှတက်၊ ရွှေခရုတွေက ဖျက်၊ စိုက်ပျိုးရေးသွင်းအားစု စရိတ်တွေက အရင်ထက် အကုန်ဈေးတက်နေတာ။ အခုထိလည်း တောင်သူတွေက နွေစပါးတွေစိုက်ဖို့ ဘာမှမရှိတဲ့သူတွေ အများကြီးပဲ။ အရင်အစိုးရတွေကလို လယ်သမားတွေရဲ့ အခက်အခဲ အကျပ်အတည်းတွေကို တင်ပြပေးလို့လည်း မရဘူး” လို့ ပြောပါတယ်။

လပွတ္တာမြို့နယ်မှာ ပြီးခဲ့တဲ့ မိုးစပါးစိုက်ပျိုးတဲ့ရာသီက စပါးအပင်ဖျက် ရွှေခရုတွေ ကျရောက်တာ၊ စပါးဖျက်ပိုးတွေ ကျရောက်တာတွေ ဖြစ်ခဲ့လို့ စပါးအထွက်နှုန်းတွေ အဆမတန် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ဧရာဝတီတိုင်းဟာ ဆန်စပါး အများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ တိုင်းဒေသကြီး တခုဖြစ်ပြီး စစ်တပ်အာဏာမသိမ်းခင်က မိုးစပါးစိုက်ဧက ၃၇ သိန်းကျော်နဲ့ နွေစပါးစိုက်ဧက ၁၄ သိန်းကျော်အထိ နှစ်စဉ် စိုက်ပျိုးခဲ့ကြတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
လပွတ္တာတွင် တောင်သူများ ကြွေးမြီအခက်အခဲကြောင့် လယ်များရောင်းချ ဖြေရှင်းနေရ