DVB Logo
Home
မြန်မာသတင်း
ကျောက်မဲ-သီပေါကြား ကျင်သီ ယာယီတံတားကို ကားငယ်များ ဖြတ်သန်းနိုင်ပြီ
DVB
·
March 31, 2024
ကျောက်မဲ-သီပေါကြား ကျင်သီ ယာယီတံတားကို ကားငယ်များ ဖြတ်သန်းနိုင်ပြီ
1 / 4
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနဲ့ သီပေါကြား ပြည်ထောင်စုလမ်းမကြီးပေါ်က ကျင်သီ ယာယီတံတားကနေ မတ် ၃၀ ရက်နေ့ မနက်ပိုင်းကစလို့ ကားလေးတွေ သွားလာလို့ရပြီလို့ ဒေသခံတွေဆီက သိရပါတယ်။ 

သီပေါဒေသခံ အမျိုးသမီးတယောက်က “ဒီနေ့မနက်ကစ သွားလို့ရပြီပြောတယ်။ သီပေါမြို့ထဲမှာတောင် ယာယီတံတားကနေ သွားလို့ရပြီဆိုလို့ ခရီးသွားကားတွေ ရှုပ်နေပြီ” လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့ကစ အဲဒီ ယာယီတံတားကို ဒေသခံ ပြည်သူလူထုတွေ ကိုယ်ထူကိုယ်ထ ဝိုင်းဝန်းတည်ဆောက်ကြတာဖြစ်ပြီး တံတားဖြတ်သန်းခကိုတော့ ပေးဆောင်ဖို့ မလိုဘူးလို့ သူက ပြောပါတယ်။

ကျောက်မဲ ဒေသခံ ယာဉ်မောင်းတယောက်က “ကျင်သီတံတား ယာယီတံတားကနေ သွားလို့ရပြီ။ မနေ့ညနေပိုင်း(မတ် ၂၉) ကနေတောင် စသွားလို့ရပြီ ထင်တယ်။ အဖွဲ့အစည်း တခုခုက ငွေထုတ်ပြီး ဒေသခံတွေက လုပ်အားစိုက်လုပ်တာထင်တယ်။ ခါတိုင်း လားရှိုးကနေလာရင် ဟိုဘက်ကမ်းမှာ ကားချိန်းတယ်။ အဲလိုသွားကြတယ်” လို့ ပြောပါတယ်။ 

လောလောဆယ်မှာတော့ မနက် ၆ နာရီကနေ ညနေ ၆ နာရီထိ အံစာတုံးကားအရွယ်လောက်ပဲ ဖြတ်သန်းသွားလာခွင့်ပြုပြီး မိုးမကျခင်၊ ရေမတက်ခင်အထိပဲ သွားလာလို့ ရနိုင်တယ်လို့ ဒေသခံ အမျိုးသားတယောက်ကလည်း ပြောပါတယ်။

လားရှိုး - မန္တလေး ကားလေး ယာဉ်မောင်းတယောက်က “အခု ဒီလမ်းက အရင်ကဆိုရင် စဉ့်အင်၊ စဉ့်အင်ကနေပြီးမှ ကုန်းသာ၊ ကုန်းသာ ကနေပြီးတော့ ၉ မိုင် လမ်းခွဲ၊ ၉ မိုင်လမ်းခွဲကနေပြီးတော့မှ နမ့်လန်၊ နမ့်လန်ကနေ ကျောက်ဂူ၊ ကျောက်ဂူကနေ နောင်ချို၊ နောင်ချိုကနေမှ မန္တလေး၊ အဲလို သွားရတယ်။ ခုလမ်းက ဘယ်မှ ကွင်းစရာမလိုတော့ဘူး။ တိုက်ရိုက်ပဲ သွားရတယ်။ အချိန်ဘယ်လောက် သက်သာမလဲဆို အခုလမ်းနဲ့ အရင်လမ်းနဲ့ ဆိုလို့ရှိရင် အချိန် ၅ နာရီလောက် သက်သာတယ်” လို့ ပြောပါတယ်။ 

အဲဒီ ကျင်သီတံတားကြီးကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်နေ့ စစ်ကောင်စီနဲ့ TNLA ပူးပေါင်း တပ်ဖွဲ့တို့ အကြား တိုက်ပွဲဖြစ်ပွားရာကနေ ဗုံးခွဲဖျက်ဆီးခံရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013