DVB Logo
Home
နိုင်ငံတကာ
ဥရောပသည် စစ်ကြိုကာလသို့ ရောက်ရှိနေသော်လည်း အသင့်မဖြစ်သေးဟု ပိုလန်ဝန်ကြီးချုပ် သုံးသပ်
DVB
·
March 30, 2024
ဥရောပသည် စစ်ကြိုကာလသို့ ရောက်ရှိနေသော်လည်း အသင့်မဖြစ်သေးဟု ပိုလန်ဝန်ကြီးချုပ် သုံးသပ်
Donate to DVB

ဥရောပဟာ စစ်ကြိုကာလကို ရောက်ရှိနေပေမဲ့ အသင့်မဖြစ်သေးကြောင်း၊ ဥရောပ တတိုက်လုံး ကောင်းဖို့အတွက်ဆိုရင် ရုရှားလက်မှာ ယူကရိန်းကျသွားလို့ မဖြစ်ကြောင်း ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်လ်တက်စ်က သုံးသပ်ခဲ့ပါတယ်။ 

စစ်ပွဲဆိုတာဟာ အတိတ်ကာလက အယူအဆမဟုတ်တော့ဘဲ တကယ်ရှိနေတဲ့အရာဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စခဲ့တယ်လို့  တက်စ်က ဆိုပါတယ်။

ရုရှားက ယူကရိန်းရဲ့ စွမ်းအင်စနစ်အပေါ် အကြီးအကျယ်တိုက်ခိုက်မှုတွေလုပ်ခဲ့အပြီးမှာ တက်စ်က ဒီလိုမှတ်ချက်ပေးခဲ့တာပါ။ 

ရုရှားသမ္မ ပူတင်ကတော့ မော်စကိုဟာ နေတိုးနိုင်ငံတွေအပေါ် ရန်လိုတဲ့ ရည်ရွယ်ချက် မရှိဘူးလို့ ပြောထားပါတယ်။ 

ရုရှားက  နေတိုးအဖွဲ့ဝင်တွေဖြစ်တဲ့ ပိုလန်၊ ဘောလ်တစ်နိုင်ငံတွေနဲ့ ချက်သမ္မတနိုင်ငံကို တိုက်ခိုက် နိုင်တယ်ဆိုတာ  လုံးဝအဓိပ္ပာယ် မရှိဘူးဆိုပြီးတော့လည်း ပူတင်က ငြင်းထားပါတယ်။ 

ဒါပေမဲ့ ယူကရိန်းကသာ အက်ဖ်-၁၆ တိုက်လေယာဉ်တွေကို တစ်ခြားနိုင်ငံတွေက လေယာဉ်ကွင်း တွေကနေ အသုံးပြုမယ်ဆိုရင် အဲဒီနေရာတွေဟာ ဘယ်နိုင်ငံမှာ တည်ရှိသည်ဖြစ်စေ တရားဝင် ပစ်မှတ်တွေ ဖြစ်လာမယ်လို့ သတိပေးထားပါတယ်။ 

ပိုလန်ဝန်ကြီးချုပ်ကတော့ စစ်ပွဲရဲ့လာမဲ့နှစ်နှစ်အတွင်း အရာရာအဆုံးအဖြတ်ဖြစ်သွားမယ်လို့ သုံးသပ်ပါတယ်။ 

ယူကရိန်းက အရပ်ဘက် ပစ်မှတ်တွေကိုပါ တိုက်ခိုက်တာ မှန်တယ်လို့ အကြောင်းပြလို့ရအောင် မော်စကိုဂီတပွဲကို တိုက်ခိုက်တဲ့အိုင်အက်စ်အဖွဲ့နဲ့ ယူကရိန်းကို ချိတ်ဆက်ပြီး စွပ်စွဲဖို့ ကြိုးစားတာဖြစ်ကြောင်း တက်စ်က သုံးသပ်ပါတယ်။ 

၂၀၀၇ ကနေ ၂၀၁၄ အထိ ပိုလန်ဝန်ကြီးချုပ်လုပ်ခဲ့ဖူးတဲ့ တက်စ်ဟာ ၂၀၂၃ နှစ်ကုန်မှာ တစ်ကျော့ ပြန်ဝန်ကြီးချုပ်ဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြေကြားတဲ့ အင်တာဗျူးမှာ အခုလို သုံးသပ် ပါတယ်။ 

ဥရောပကောင်စီ ဥက္ကဋ္ဌလည်း လုပ်ခဲ့ဖူးတဲ့ တက်စ်က ဥရောပဟာ နေတိုးနဲ့အပြိုင် အဖွဲ့အစည်း တခု ထပ်ထောင်ဖို့ မလိုပေမဲ့ အမေရိကန်မှာ ဘယ်သူ သမ္မတဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်အားကိုးနိုင်မဲ့ စစ်အင်အားကို ထူထောင်ထားဖို့လိုကြောင်း သတိပေးထားပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013