DVB Logo
Home
မြန်မာသတင်း
ကမ်းထောင့်ကြီးတွင် စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ ၆ ဦး ဒဏ်ရာရ
DVB
·
March 29, 2024
ကမ်းထောင့်ကြီးတွင် စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ ၆ ဦး ဒဏ်ရာရ
1 / 7
Donate to DVB

ရက္ခိုင့်တပ်တော်ကနေ သိမ်းပိုက်ထားတဲ့ မြေပုံမြို့နယ်က ကမ်းထောင့်ကြီးမြို့ကို စစ်ကောင်စီရဲ့ မြေပြင်တပ်တွေနဲ့ စစ်သင်္ဘောနေဗီပေါ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် မတ် ၂၉ ရက် မနက်မှာ ကမ်းထောင့်ကြီးမြို့က အရပ်သားပြည်သူ ဦး ခြောက်ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးထိမှန်တဲ့ ပြည်သူတွေဟာ ကမ်းထောင့်ကြီး မြို့ပေါ်ရပ်ကွက် ရွာသစ်ရပ်ကွက်မှ မအေးအေးမြင့် ၁၃ နှစ်၊ ကိုသူရိန်စိုး ၁၈ နှစ်၊ ကိုမောင်မျိူးဆက် ၂၃ နှစ်၊ ဒေါ်မအေး ၄၂ နှစ်၊ ဦးမောင်အေး ၄၂ နှစ်နဲ့ တောင်ပိုင်းရပ်ကွက်မှာနေထိုင်တဲ့ ဦးမောင်ဦးချေ ၄၅ နှစ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

"မနက် ၁၀ နာရီလောက်မှာ မြို့ထဲတည့်တည့်ကို လက်နက်ကြီးကျည်က ဦးမောင်အေးအိမ်နားမှာ တလုံးပေါက်ကွဲပြီးတော့ ဦးမောင်အေးအိမ်ကလူတွေပါ ဘေးနားအိမ်က လူတွေပါ ဒဏ်ရာရကုန်တာ။ ဒဏ်ရာရတဲ့ထဲက တယောက်မှာဆို ခြေထောက်တဖက်ပြတ်သွားတယ်။ နှစ်ယောက်ကတော့ ဒဏ်ရာအတော်ပြင်းထန်တယ်" လို့ ကမ်းထောင့်ကြီးမြို့ခံတယောက်က ပြောပါတယ်။

လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိတဲ့ထဲမှာ ကိုသူရိန်စိုးရဲ့ ခြေထောက်တဖက်ပြတ်သွားသလို ကိုမောင်မျိူးဆက်ရဲ့ လက်မောင်းမှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ သိရပါတယ်။

"အမ်းဖက်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတော့ ကဇူကိုင်းမှာရှိတဲ့ တပ်တွေကနေ ကမ်းထောင့်ကြီးအနီးအနား ရွာတွေပါ ပြည်သူတွေရှိတဲ့နေရာတွေကိုပါ ပစ်နေတာ၊ လေယာဥ်နဲ့လည်း တခါဗုံးကြဲထားပြီ၊ အခုလည်း လက်နက်ကြီးကျတယ်။ ပြည်သူတွေကြောက်လို့ တောထဲတောင်ထဲကို ထွက်ပြေးနေကြပြီ" လို့ ဒေသခံတယောက်က ပြောပါတယ်။

မတ် ၂၄ ရက်ကလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကမ်းထောင့်ကြီး တိုက်နယ်ဆေးရုံတခု ပျက်စီးခဲ့သလို ဆေးရုံတွင်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတယောက် ဒဏ်ရာရရှိသွားပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကိုလည်း စစ်ကောင်စီက စစ်ရေးပစ်မှတ်အဖြစ်နဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရက္ခိုင့်တပ်တော်ဆီမှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့အပြင် အရေးပါတဲ့ တပ်စခန်းတွေ၊ ဗျူဟာကုန်းတွေ၊ မြို့တွေကို လက်လွှတ်ခံထားရတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်တပြည်နယ်လုံးကို လက်လွှတ်ဆုံးရှံးမဲ့အရေးနဲ့ ကြုံတွေ့နေတာကြောင့် ရခိုင်ပြည်သူတွေအပါအဝင် အရပ်ဘက်ပစ်မှတ်တွေအပေါ်မှာ စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင်ကျူးလွန်လာကြတယ်။

မတ် ၂၀ ရက်ကလည်း စစ်ကောင်စီ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းပြားမြို့နယ် သာဒါကျေးရွာမှာ မွတ်ဆလင် ၂၂ ယောက် သေဆုံးကာ ၂၉ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

မတ် ၂၁ ရက်မှာလည်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် မြောက်ဦးမြို့နယ်က အထက်လေညှင်းတောင်ကျေးရွာမှာ ကလေးသူငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၉ ယောက် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိကုန်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ပေါက်တော၊ စစ်တွေ အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ်တိုင်းလိုလိုမှာ အရပ်သားပြည်သူသေဆုံးမှု ဒဏ်ရာရရှိမှုအရေအတွက် မြင့်မားနေပြီး ရခိုင်ပြည်သူတွေရဲ့ အသက်အန္တရာယ်လုံခြုံရေးဟာ ဆိုးရွားတဲ့ အခြေအနေမှာ ရောက်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013