DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းမထမ်းသည့် အင်းလေးလူငယ် ၃ ဦးကို PNA က ရိုက်နှက်၊ ညောင်ရွှေတွင် စစ်မှုထမ်း အစားထိုးရန် ငွေကောက်ခံ
DVB
·
March 29, 2024
စစ်မှုထမ်းမထမ်းသည့် အင်းလေးလူငယ် ၃ ဦးကို PNA က ရိုက်နှက်၊ ညောင်ရွှေတွင် စစ်မှုထမ်း အစားထိုးရန် ငွေကောက်ခံ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သပြေကုန်း(တဖြေကွုံ) ကျေးရွာအုပ်စုထဲမှာ ဒေသခံ လူငယ်သုံးယောက် စစ်မှုထမ်းဖို့ ငြင်းတာကြောင့် PNA ပြည်သူ့စစ်က ရိုက်နှက် နှိပ်စက်ခဲ့တယ်လို့ ပြောပါတယ်။

မတ် ၂၈ ရက်က ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က ရွာထဲလာပြီး အတင်းအဓမ္မ စစ်သားစုဆောင်းရာ ရွာထဲကလူငယ်သုံးယောက်က စစ်မှုထမ်းဖို့ ငြင်းဆန်ခဲ့တာကြောင့် PNA က ရိုက်နှက်ပြီး နောက်ကျော၊ ခြေထောက်တွေမှာ အမဲစွဲပြီး မျက်နှာဖူးရောင်ဒဏ်ရာတွေ ရခဲ့တယ်လို့ ပြောပါတယ်။

ဒေသခံတဦးက “ရွာသားရှေ့မှာပဲ ရိုက်ပြတာ။ အဲလူငယ်သုံးဦးလည်း ဒဏ်ရာအပြင်းအထန်ရတယ်။ လမ်းတောင် မလျှောက်နိုင်တော့ဘူး။ ဆေးရုံတက်လိုက်ရတယ်။ ခု ဆေးရုံမှာပဲ ဆေးကုသနေရဆဲဖြစ်တယ်” လို့ ပြောပါတယ်။

PNA အဖွဲ့က အတင်းအဓမ္မ စစ်သားစုဆောင်းနေတာကြောင့် အရွယ်ရောက် အမျိုးသားနဲ့ သက်လတ်ပိုင်း အမျိုးသားတွေ ရွာထဲမနေရဲတော့ဘဲ တောတောင်ထဲ တိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

ဒေသခံနောက်တဦးက “သူတို့ခေါ်သွားလို့ ပျောက်သွားတာ အရမ်းများနေပြီ။ အဲဒါကြောင့် ရှောင်ရတယ်။ တချို့ဆို ထိုင်းဘက်ပြေးသွားတာ ရှိတယ်။ အဝေးမသွားနိုင်သူကျတော့ အနီးနား တောထဲပဲ ရှောင်ရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း PNA အဖွဲ့က စစ်မှုထမ်းဖို့ ခေါ်သွားတဲ့ သပြေကုန်း ကျေးရွာအုပ်စုက လူငယ်ငါးယောက်လည်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။

သပြေကုန်း(တဖြေကွုံ)အုပ်စုအပြင် တနွိုင်ဝန်း ကျေးရွာအုပ်စုမှာလည်း အလားတူ PNA က အတင်းအဓမ္မ စစ်သားစုဆောင်းနေတယ်လို့ ပြောပါတယ်။ အခုကိစ္စနဲ့ပတ်သက်ပြီး PNA ပြည်သူ့စစ် ကွပ်ကဲရေးမှူးချုပ် ဖြားခွန်မြင့်အောင်ကို ဖုန်းဆက်ပေမဲ့ ဖုန်းလက်ခံဖြေကြားပေးတာ မရှိပါဘူး။ 

ညောင်ရွှေမြို့နယ်မှာတော့ ရပ်ကွက်ရှစ်ခု အပါအဝင် ကျေးရွာပေါင်း ၃၃၇ ခုမှာတော့ တရွာကို လူနှစ်ယောက် စစ်မှုထမ်းရမယ် ဆိုတဲ့အတွက် အိမ်ခြေအနည်းအများပေါ် မူတည်ပြီး တအိမ်ကို ၂၀,၀၀၀ ကျပ်ကနေ ၅၀,၀၀၀ ကျပ်အထိ ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်ရွှေမြို့နယ်နေ အမျိုးသားတယောက်က “မဲပေါက်သွားတဲ့ ကလေးလည်း သွားစရာမလိုဘူးပေါ့။ ပိုက်ဆံနဲ့ လူပဲငှားလိုက်တာ။ ဘယ်သူမှလည်း မသွားချင်ကြဘူးလေ။ ဘိန်းစားတွေ၊ အရက်သမားတွေနဲ့ ဆင်းရဲတဲ့လူတွေကို ငှားမယ်ပြောတယ်။ ပိုက်ဆံကရှိပေမဲ့ သွားမယ့်လူ မရှိမှာပဲပူတာ။ တရွာကို နှစ်ယောက်မှာမှ အခု တယောက်ပဲရသေးတယ်။ တယောက်ကို သိန်း ၁၀၀ နဲ့ပေးတာ” လို့ ပြောပါတယ်။

တခြားမြို့နယ်တွေမှာတော့ စစ်မှုထမ်းသွားတဲ့လူတွေကို ထောက်ပံ့ဖို့ဆိုပြီး ငွေကောက်နေပေမဲ့ ညောင်ရွှေမှာ လူငယ်တွေ စစ်မှုထမ်းမသွားချင်တဲ့အတွက် အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီကို ဝင်ရောက်တာ များတဲ့အတွက် အခုလို စဉ်းစားပြီး လုပ်တာလို့ သိရပါတယ်။

အင်းလေးမှာနေတဲ့ အမျိုးသမီးတယောက်က “အငှားသွားတဲ့လူတွေက မဲပေါက်တဲ့လူငယ်တွေရဲ့ နာမည်နဲ့ သွားရမှာတဲ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစည်းအဝေးလုပ်တုန်းကဆို လူငယ်တွေက သူတို့ကို အတင်းဝင်ခိုင်းရင် PDF ထဲဝင်မယ်၊ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ် ဆိုတာတွေ ပြောကြတော့ ညှိလို့မရဘူး ဖြစ်သွားတာ။ မိဘတွေကလည်း မသွားစေချင်ကြဘူး” လို့ ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ ရွေးချယ်ခံရသူတွေအတွက် စစ်မှုထမ်းဖို့ အသက်အရွယ် အကျုံးမဝင်တဲ့ အိမ်ထောင်စုတွေက ထောက်ပံ့ကြေးပေးဖို့ စစ်ကောင်စီ ရပ်ကျေးအာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

ညောင်ရွှေမြို့နယ်ထဲက စစ်မှုထမ်းဥပဒေအရ လူငယ်တွေကို ဖိအာပေးခြိမ်းခြောက်တာ၊ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာတွေ လုပ်မယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေရဲ့ မူဝါဒအရ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ JMC-Innlay က မတ် ၂၅ ရက်မှာ သတိပေး ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013