DVB Logo
Home
မြန်မာသတင်း
သမိုင်းဝင်ယောယုံစခန်းအပါ စခန်းကြီးငယ် ၅၀ ကျော်ကို KIAနှင့် ပူးပေါင်းအဖွဲ့သိမ်းပိုက်
DVB
·
March 29, 2024
သမိုင်းဝင်ယောယုံစခန်းအပါ စခန်းကြီးငယ် ၅၀ ကျော်ကို KIAနှင့် ပူးပေါင်းအဖွဲ့သိမ်းပိုက်
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နားက စစ်ကောင်စီတပ်ရဲ့ သမိုင်းဝင် ယော်ယုံဗျူဟာစခန်းအပါအဝင် စစ်စခန်း ကြီး၊ ငယ် ၅၀ ကျော်ကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပေမယ့် လွယ်ဂျယ်မြို့ကိုတော့ မထိန်းချုပ်နိုင်သေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။ 

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့တွေအနေနဲ့ မတ် ၂၇ ရက်နေ့အထိဆိုရင် စစ်ကောင်စီရဲ့ တပ်စခန်းကြီး၊ ငယ် ၅၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ပါပြီ။

မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်က တပ်စခန်းတွေကို ရှင်းလင်းခဲ့ပြီးတဲ့နောက် နယ်စပ်ကုန်သွယ်ရေး ဂိတ်ရှိတဲ့ မိုးမောက်-လွယ်ဂျယ် လမ်းပိုင်းဘက်ကို ထပ်မံထိုးစစ်ဆင်လာတာပါ။

မတ် ၂၉ ရက်အထိဆိုရင်တော့ ဆယ်စုနှစ် ၄ ခုကြာလောက် အခိုင်အမာတပ်စွဲထားတဲ့ နာမည်ကြီး  ယောယုံဗျူဟာစခန်းကုန်း အပါအဝင် တပ်စခန်း ၆ ခုကို KIA က သိမ်းပိုက်လိုက်တာကြောင့် လွယ်ဂျယ်မြို့ကိုပါ ထိန်းချုပ်လိုက်ပြီလို့ သတင်းတွေ ထွက်နေပါတယ်။

“အဲဒီသတင်းမှန်ကန်မှုမရှိသေးဘူး။ ကွန်ဖန်းမဖြစ်ဘူးနော်။ သိမ်းနိုင်တဲ့အနေအထားမဟုတ်ဘူး။ တိုက်ပွဲတောင်မရှိဘူး အဲတညမှာ။ ဒါက နယ်စပ်မြို့ဖြစ်နေတယ်၊ နယ်စပ်ဒေသဖြစ်နေတယ် အဲနေရာက။ ဒီဗန်းမော်ဘက်က ဆက်သွယ်တဲ့လမ်းကြောတွေကိုတော့ အကုန်လုံး ဖြတ်တောက်ထားလိုက်ပြီလေ။ ဒါပေမယ့် လွယ်ဂျယ်ကိုတော့ ကျနော်တို့ ဝင်လည်း ဝင်မပစ်ဘူး။ သူတို့လည်း ထွက်ပြေးတာလည်းမရှိဘူး။ ပြည်သူလူထုတွေ ကြိုက်သလိုရေး၊ ကြိုက်သလိုပြောတာနေမှာပေါ့။ စိန်လုံလေတပ်စခန်းတွေကျန်သေးတယ်။ အများကြီးရှိတယ် အဲဘက်မှာ။”

လွယ်ဂျယ်တောင်ကြောပေါ်မှာ အဓိကအနေနဲ့ ယော်ယုံနဲ့ စိန်လုံကမ္ဘာဆိုတဲ့ စခန်း ၂ ခုရှိပြီး အဲဒီ စိန်လုံကမ္ဘာစခန်းဟာ တောင်ကြောရဲ့ အမြှင့်ဆုံးနေရာမှာ ရှိနေတာလို့ နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း ထောက်ပြပါတယ်။

“လွယ်ဂျယ်တောင်ကြောမှာ အဲဒီကောင်က အမြင့်ဆုံးနေရာယူထားတာဆိုတော့ အဲဒီနေရာက အမြောက်တွေနဲ့ ပစ်လို့ရတာပေါ့ဗျာ။ အဲတော့ စိန်လုံကိုမရသေးရင် အဲဒီလမ်းကြောကို စိုးမိုးဖို့ဆိုတာက နည်းနည်း အခက်အခဲရှိတာပေါ့။ ဒါကြောင့်မို့ အခုကတော့ စိန်လုံကို သိမ်းနိုင်အောင် သူတို့က ကြိုးပမ်းနေတာပါ။ စိန်လုံသိမ်းမယ်ဆိုရင် ဘေးနားက စခန်းငယ် ၃ ခုလောက်ကို‌တော့ သူတို့ သိမ်းရဦးမှာပေါ့လေ။ အဆုံးအဖြတ်ပေးမှာက အဲဒီစိန်လုံကမ္ဘာဗျူဟာစခန်းပေါ့။”

ဒါကြောင့် စိန်လုံကမ္ဘာဗျူဟာစခန်းကိုသာ KIA အနေနဲ့ သိမ်းနိုင်ခဲ့မယ်ဆိုရင်  လွယ်ဂျယ်တောင်ကြောတခုလုံးကို စိုးမိုးနိုင်မှာဖြစ်ပြီး တိုက်စရာမလိုဘဲ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး မြို့တခုဖြစ်တဲ့ လွယ်ဂျယ်မြို့ကိုပါ ရသွားနိုင်ကြောင်း သူကသုံးသပ်ပါတယ်။

အသေးစိတ်သိရဖို့ လွယ်ဂျယ်မြို့ခံတချို့ကို DVB က ဆက်သွယ်ပေမဲ့ ဖုန်းလိုင်းအခက်အခဲကြောင့် သတင်းရေးသားချိန်ထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်တချို့ တရုတ်နိုင်ငံဘက်ကို ကျရောက်ပေါက်ကွဲမှုတွေရှိခဲ့လို့ တရုတ်စစ်တပ်က ရဟတ်ယာဉ်နဲ့ကင်းလှည့်ခဲ့ကြောင်း ဒေသအခြေစိုက် သတင်းဌာနတခုက ဖော်ပြထားပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013