DVB Logo
Home
မြန်မာသတင်း
သင်္ကြန်နေရပ်ပြန်မည့် ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများကို ဗီဇာကြေးကင်းလွတ်ခွင့်ပြုမည်
DVB
·
March 29, 2024
သင်္ကြန်နေရပ်ပြန်မည့် ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများကို ဗီဇာကြေးကင်းလွတ်ခွင့်ပြုမည်
Donate to DVB

ဒီ ၂၀၂၄ ခုနှစ် သင်္ကြန်ကာလ နေရပ်ပြန်မယ့် ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ နိုင်ငံအဝင်အထွက် ဗီဇာတုံးထုရာမှာ ငွေသွင်းစရာမလိုဘဲ ကင်းလွတ်ခွင့်ပြုမယ်လို့  ထိုင်းအလုပ်သမားဝန်ကြီးက ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ လာပြီးအလုပ်လုပ်နေတဲ့ မြန်မာ၊ လော နဲ့ ကမ္ဘောဒီးယားနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေဟာ ဧပြီလအတွင်း မိသားစုတွေနဲ့အတူ ရိုးရာသင်္ကြန်ပွဲဆင်နွှဲဖို့ နေရပ်ကို ပြန် လေ့ရှိတယ်၊ အဲဒီလို နေရပ်ပြန်ရာမှာ လစာနည်းအလုပ်သမားတွေအနေနဲ့ ကုန်ကျစရိတ်သက် သာအောင်၊ သွားရေးလာရေးအဆင်ပြေအောင်၊ ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံတကာစံနှုန်းနဲ့အညီ ကောင်းမွန်သော ဝန်ဆောင်မှုပြုပေးတာကို ပြသတဲ့အနေနဲ့  လာမယ့် ဧပြီ ၁ ရက်မှ မေ ၁၅ ရက်အတွင်း နေရပ်ပြန်မယ့် သူတွေကို နိုင်ငံအဝင်အထွက် ဗီဇာကြေးကင်းလွတ်ခွင့်ပြုဖို့ ရွှေ့ ပြောင်းလုပ်သားများစီမံခန့်ခွဲရေးဆိုင်ရာ အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ ထိုင်းအ လုပ်သမားဝန်ကြီး နိုင်းဖိဖတ် ရာ့ချ်ကစ်ပရကန်က မတ် ၂၆ မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

ခွင့်ပြုချက်ထဲ အကျုံးဝင်သူတွေမှာ နိုင်ငံကူးလက်မှတ် (အနီ)  ဒါမှမဟုတ် ပတ်စပို့အစားထိုး လက်မှတ် (အစိမ်းရောင်စာအုပ်) နဲ့ ( Non L-A - Visa ) ဗီဇာအမျိုးအစား ရှိပြီး  ၂၀၁၄ ခု မေ ၁၅ ရက်အထိ နေထိုင်ခွင့်ဗီဇာ သက်တမ်းမကုန်ဆုံးသေးသူတွေနဲ့ အသက် ၁၈ နှစ်အောက် မှီခိုသူကလေးတွေဖြစ်တယ်။ 

သူတို့အနေနဲ့  ၂၀၂၄ ခု ဧပြီ ၁ ရက်ကနေ မေလ ၁၅ ရက်အတွင်းပြန်မယ်ဆိုရင် Re - Entry Permit တောင်းစရာမလိုဘဲ တာဝန်ရှိသူတွေက ပြန်ဝင်လို့ရတဲ့ ဗီဇာတုံး အခမဲ့ထုပေးမယ်။ ဒါပေမယ့် မေ ၁၅ ရက်ကျော်မှ ပြန်လာမယ် ဒါမှမဟုတ် ဘယ်နေ့ပြန်မှာကို မသိသေးတဲ့ သူတွေကတော့  ပုံမှန်အတိုင်း အခကြေးငွေ (ဘတ် ၁၀၀၀) သွင်းပြီး အဝင်အထွက် ဗီဇာတုံးထုရမယ်၊ ထိုင်းမှာ နေ ထိုင်ခွင့် ဗီဇာသက်တမ်းမကုန်ခင် ပြန်ဝင်ရမယ်လို့ ဆိုပါတယ်။ 

ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး နိုင်းဆုမ်ချိုင်း မောရောကွတ် ဆီဝမ်းကလည်း သင်္ကြန်ကာလ ဗီဇာကင်းလွတ်ခွင့်မယ့်ကိစ္စ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အစည်းအဝေးက ထောက်ခံအတည်ပြုပြီးရင် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက တရားဝင် ကြေညာစာ ထုတ်ပေးမှာဖြစ်ကြောင်း၊ ပြည်ထဲရေး နဲ့ လဝက ရုံး တာဝန်ရှိသူတွေအနေနဲ့ အလုပ်ရှင်နဲ့ အလုပ်သမားတွေ သိရှိနားလည်အောင်၊ သတင်းအချက်အလက်အကုန်သိရအောင် ပြင်ဆင်ဆောင်ရွက်ရမှာ ဖြစ်တယ်၊ အသေးစိပ်အချက်အလက်တွေ သိလိုပါက ဘန်ကောက်အလုပ်သမားရုံး နယ်မြေ ၁ မှ ၁၀ ထိ၊ သက်ဆိုင်ရာ ခရိုင်အလုပ်သမားရုံးတွေနဲ့  အလုပ်သမားအရေးပေါ်ဖုံးလိုင်း ၁၅၀၆ လိုင်းခွဲ ၂ ဒါမှမဟုတ် ၁၆၉၄ ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။ 

ကိုးကား - thaigov.go.th/thaipbs.

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013