DVB Logo
Home
မြန်မာသတင်း
ပုလဲရဲစခန်းနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ၊ မိုးမောက်တွင် တိုက်ပွဲပြင်းထန်၊ မိုင်းနင်းမိသဖြင့် မိုးကောင်းပြည်သူ ၁ ဦးသေဆုံး
DVB
·
March 28, 2024
ပုလဲရဲစခန်းနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ၊ မိုးမောက်တွင် တိုက်ပွဲပြင်းထန်၊ မိုင်းနင်းမိသဖြင့် မိုးကောင်းပြည်သူ ၁ ဦးသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ် ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ကာကွယ်‌ရေးတပ်က မတ် ၂၇ ရက် မနက် ၈ နာရီက စတင်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်‌ရေးတပ်‌ ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

ယင်းမာပင်ခရိုင် အမှတ် ၁၁ နဲ့ ၁၂ တပ်ရင်း၊ ဒို့အညာ ပြောက်ကျားတပ်ဖွဲ့၊ ချင်းတွင်းတိုးနရား၊ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း၊ Scarlet တပ်ဖွဲ့‌၊ ဒေါင်းမင်းတပ်ဖွဲ့၊ 96 soldiers တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

“ကျနော်တို့ဘက်ကနေ စစ်ကြောင်းသုံးကြောင်းခွဲပြီး ထိုးစစ်ဆင် တိုက်ခဲ့တာဗျ။ သူတို့ဘက်က အခိုင်အမာ ဘန်ကာလုပ်ပြီး ခုခံတိုက်ခဲ့တာ။ တိုက်ပွဲကြာချိန်က မနက်ခင်း ၈ နာရီကနေ နေ့ခင်း ၁ နာရီအထိ ကြာတယ်ဗျ။ ကိုယ့်ဘက်က ကျည်ဆန်အင်အားနည်းလို့ နောက်ပြန်ဆုတ်ခဲ့ရတယ်။ အထိအခိုက်ကတော့ ကိုယ့်ဘက်က လေးဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်။ စ(--)ဘက်ကတော့ စုံစမ်းနေတုန်းဗျ” လို့ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်းရဲ့ တပ်ရင်းမှူး ကိုဥက္ကာက DVB ကို ပြောပါတယ်။

ပုလဲမြို့ပေါ်က စစ်ကောင်စီအထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မတ် ၂၅ ရက်ကလည်း အခုလို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပုလဲမြို့ပေါ်မှာနေတဲ့ ပြည်သူလူထုကတော့ အခုလို တိုက်ပွဲအကြိမ်ကြိမ် ဖြစ်ပွားနေတာကြောင့် နေရပ်စွန့်ခွာနေရပါတယ်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဗန်းမော်-လွယ်ဂျယ်လမ်း၊ စိန်လုံတောင်ဘက်မှာ မတ် ၂၇ ရက် မနက် ၇ နာရီကျော်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “တရုတ်ပြည်နဲ့ အဓိက ကုန်သွယ်စီးဆင်းတဲ့ မိန်းလမ်းက စခန်းလေးခုကို တပြိုင်တည်း တိုက်ခိုက်နေတာ။ စစ်ရေးအရ ဗျူဟာကျတော့ စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေ အသုံးပြုပြီး အပြင်းအထန် ကာကွယ်နေပါတယ်။ စိန်လုံတကြောက စခန်းတွေ ရရင်တော့ မိုးမောက်နဲ့ ဗန်းမော် နီးကပ်သွားပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်စခန်းနှစ်ခုဖြစ်တဲ့ လုံဆာ(လုံဂျာ)တောင်စခန်းနဲ့ အူဒန်ဘွမ်စခန်းတို့ကို မတ် ၂၆ ရက် ညနေ ၄ နာရီကျော်လောက်က ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့က ထပ်မံသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒေသ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

KIA နဲ့ နီးစပ်သူတဦးက “စခန်းအကြီးစားတွေတော့ မဟုတ်ဘူးဗျ။ ဒါပေမဲ့ အရေးပါတယ်။ အလတ်စားစခန်းတွေပေါ့။ စစ်သားတချို့တော့ လက်နက်ချ အညံ့ခံကြတယ်။ လက်နက်ချ အညံ့ခံတဲ့သူတွေကိုတော့ ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်” လို့ ပြောပါတယ်။

မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်မှာ တည်ရှိတဲ့ အဆိုပါစခန်းနှစ်ခုမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က စစ်ကောင်စီ ထိုးစစ်ဆင် တိုက်ခိုက်ချိန် KIA က တပ်ဆုတ်ပေးခဲ့ရတဲ့ စခန်းတွေ ဖြစ်ပါတယ်။

အဆိုပါတပ်စခန်းတွေမှာ မိုးမောက်မြို့နားရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၄၃၇ က တပ်ဖွဲ့ဝင်တွေ အခြေချ နေထိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရရှိသူတွေ ရှိနေပြီး ဗန်းမော်ခရိုင်အတွင်း စစ်ရှောင်ပြည်သူတွေလည်း တိုးနေကာ အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။

အခုရက်ပိုင်းအတွင်း KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ဗန်းမော်ခရိုင်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေကာ စစ်ကောင်စီတပ်က မတိုက်ခိုက်ဘဲ ဆုတ်ခွာထွက်သွားတဲ့ စစ်စခန်းတွေဟာ မံစီမြို့နယ်မှာ သုံးခု၊ မိုးမောက်မြို့နယ်ဘက်မှာ လေးခု၊ ပေါင်း ခုနှစ်ခုအထိ ရှိလာခဲ့ပြီး ကချင်ပြည်နယ်တဝန်းက စစ်ကောင်စီတပ်ရင်းတွေ အပါအဝင် စခန်းပေါင်း ၅၀ ကျော် သိမ်းပိုက်ရရှိထားကြောင်း KIA သတင်းရင်းမြစ်ထံကတဆင့် သိရပါတယ်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာတော့ မတ် ၂၆ ရက် ညနေက စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်း နင်းမိပြီး အရပ်သားတဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဝေပုလတောင်အနီး အောက်တပ်ဦးကျောင်းနဲ့ ခြေလျင်တပ်ရင်း ခလရ ၇၄ တပ်ဟောင်းအနီးမှာ နွားသွားကြောင်းရင်း စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်း နင်းမိသေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတယောက်က “ဝေပုလတောင်အောက်က အဲ့နားမှာ ခလရ ၇၄ တပ် ထိုင်တယ်။ အဲနေရာနားက ကွင်းထဲမှာ နွားသွားရှာတာ။ မိုင်းနင်းမိလို့ အဲ့ဒီနေရာမှာပဲ ပွဲချင်းပြီးသေတယ်” လို့ ပြောပါတယ်။

နွားသွားရှာရင်း မိုင်းနင်းမိလို့ သေဆုံးခဲ့သူဟာ အသက် ၆၀ ကျော်အရွယ် အမျိုးသားတဦး ဖြစ်ပြီး နောင်ကိုက်တော်ရုံးဟောင်းအုပ်စုက ဖြစ်ပါတယ်။

မိုးကောင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013