
ကသာခရိုင်အတွင်းမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ထီးချိုင့်၊ ကသာ၊ အင်းတော်-နဘား၊ မော်လူး၊ နန့်စီးအောင်လမ်းပိုင်းမှာ ပြည်သူတွေအသွားအလာမလုပ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန MOD၊ ကသာခရိုင်ကွပ်ကဲရေးရုံးက မေ ၂၄ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ခရီးသွားပြည်သူတွေကို ချောဆွဲတာ၊ အရပ်သားကားတွေကို ပုံမှားရိုက်အသုံးပြုပြီး လက်နက်ခဲယမ်းတွေ ပို့ဆောင်တာတွေ စစ်အာဏာရှင်တပ်က ပြုလုပ်နေတဲ့အတွက် ပြည်သူတွေ ထိခိုက်နစ်နာမှုမရှိအောင် ကန့်သတ်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်တပ်က စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို ဧပြီ ၃၀ ရက်နေ့မှာ ပြန်လည်သိမ်းယူခဲ့ပြီး မေ ၅ ရက်နေ့မှာ အင်းတော်မြို့နယ်ထဲက မော်လူးမြို့ကို ဆက်လက်သိမ်းယူထားတာပါ။ စစ်တပ်က အင်အားထောင်ချီ အသုံးပြုပြီး ထီးချိုင့်-ကသာလမ်းကနေ စစ်ကြောင်းတခု၊ တကောင်းဘက်ကနေ စစ်ကြောင်းတခုနဲ့ ထီးချိုင့်-ကသာ-ဗန်းမော်လမ်းတလျှောက် စစ်ကိုင်းတိုင်းအထက်ပိုင်းကို မတ်လလယ်ပိုင်းကစပြီး ဖိအားပေး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အင်းတော်ဒေသခံတယောက်က “လမ်းတွေကတော့ ၅ လပိုင်း ၂၀ ရက်နေ့လောက်ကတည်းက ပိတ်တာပဲ ပိတ်တာတော့လေ၊ ဒါပေမဲ့ သူတို့ စာထုတ်တာကတော့ ၂၄ ရက်စွဲနဲ့ထုတ်တယ်။ ပိတ်တဲ့နေရာတွေကတော့ မဲဇာတလျှောက်ပေါ့၊ အင်းတော်နယ်တလျှောက် မဲဇာကြီး ပိတ်မယ်၊ နောက်ပြီး နောင်မိုးတို့ ပိန်းအင်းတို့ပေါ့လေ၊ အဆင်း-အတက် အကုန်လုံးပိတ်ထားတယ်။ ကောလင်းမြို့နယ်မှာ ဆိုရင်လည်း ကျောက်တန်းကွင်းလမ်းတလျှောက်တွေ ပိတ်ထားတာ ရှိတယ်ဗျ။ စစ်ရေးအခြေအနေကတော့ တော်တော်လေးပြင်းထန်နေတယ်လို့တော့ သတင်းရတာပဲ။ လေယာဉ်တွေကတော့ နေ့တိုင်းနီးပါးလိုလို လာကြဲတယ်။ တခါတက်ရင် ၃ စီး၊ တရက်ကို ၃-၄ ကြိမ်လောက် အဲဒီလိုတွေ လာလာကြဲတယ်၊ Y12 တွေရောပေါ့” လို့ ပြောပါတယ်။
ကချင်-စစ်ကိုင်းအစပ် ရွှေကူ၊ မဘိမ်း၊ ကသာ၊ အင်းတော်၊ မော်လူးနဲ့ ထီးချိုင့်မြို့နယ်တွေမှာ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေတွေအထိ စစ်တပ်က စစ်ဦးတည်နေတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ရေးအသာစီးပြန်ယူတာနဲ့အတူ အုပ်ချုပ်ရေးနဲ့ ဝန်ကြီးဌာန ယန္တရားတွေ ပြန်လည်ပတ်ရေး အပါအဝင် စိတ်ဓာတ်စစ်ဆင်ရေးနည်းလမ်းမျိုးစုံကို စစ်အာဏာရှင်က အသုံးပြုနေတယ်လို့ ကနီဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တယောက်က မှတ်ချက်ပေးပါတယ်။
“ဒီ ၂၆-၂၇ မှာ ဖလမ်းတို့ အင်းတော်တို့ ပုံစံမျိုးပေါ့ဗျာ။ စကစဘက်ကနေ ဝန်ထမ်းတွေကို ကားအတန်းကြီးနဲ့ ပို့မယ်၊ သူတို့ကို ပြည်သူတွေကနေမှ ကြိုဆိုနေတဲ့ပုံစံမျိုးပေါ့၊ အဲဒီလိုမျိုးတော့ ကြားထားတယ်ဗျ၊ ချောင်းမမှာတော့ အဓိက အထိုင်ပေါ့၊ သမင်ခြံကလည်း သူတို့ သွားလိုက် ပြန်လိုက်နဲ့ ကနီနဲ့ ဝင်လိုက် ထွက်လိုက် လုပ်နေတယ်ဗျ၊ ချောင်းမကနေ ကနီအထိ လမ်းတောက်လျှောက်ကတော့ ရှောင်နေရတယ်ဗျ။”
စစ်တပ်က ရွှေကူတိုက်ပွဲမှာ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကို ဦးစားပေး အသုံးပြုနေပြီး တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း ရွှေကူမြို့နယ်ကနေ မဘိမ်းမြို့နယ်၊ ငါးအိုးရွာဘက် တက်လာတဲ့ စစ်ကြောင်းကို ဒရုန်းနဲ့တိုက်ခိုက်တဲ့ ရုပ်သံဖိုင်တွေ မေ ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာ တကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ပိုများလာပြီး အကူအညီတွေ အရေးပေါ်လိုအပ်နေပါတယ်။
စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေက “အထက်ပိုင်းကတော့ အင်အားတော်တော်များတယ်ဗျ ထိုးနေတာလေ။ ကုန်သွယ်ရေးလမ်းတွေနဲ့ သယံဇာတတူးနေတဲ့ ပရောဂျက်တွေရှိတဲ့ နေရာတွေကိုတော့ ဦးစားပေးထိုးနေတယ်လို့ ထင်တယ်ဗျာ။ မင်းအောင်လှိုင်က NUG အပါအဝင်ပေါ့ နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ လက်နက်ကိုင်အင်အားစုတွေနဲ့ KIA တို့ အဓိက ကတော့ K3C ပေါ့ဗျာ။ မဟာမိတ်က တသားတည်းလို ဖြစ်နေတဲ့အခါကျတော့ PDF တွေနဲ့ တိုင်းရင်းသား ERO တွေကြားထဲက အဆက်အစပ်ကိုလည်း သူက ဖြတ်ချင်တယ်လို့ ထင်တယ် ကြည့်ရတာ။ ပြည်သူလူထုရဲ့ တောင့်ခံနိုင်စွမ်း လျော့သွားရင် တော်လှန်ရေးကို တည့်တည့်ကြီး ထိခိုက်လာနိုင်တယ်ဗျာ၊ အဲဒါကြောင့်မို့ ပြည်သူကို Energy ပြန်ဖြည့်တဲ့လုပ်ငန်းတွေ၊ ပြည်သူလူထု သန်စွမ်းအောင် လုပ်စားကိုင်စားနိုင်အောင် ပညာရေး၊ ကျန်းမာရေး အခွင့်အလမ်းတွေ အပါအဝင်ကို တော်လှန်ရေးအင်အားစုတွေက တော်လှန်ရေးလုပ်ရင်းနဲ့ ဘယ်လို ပြန်ပြီး ဖြည့်တင်းနိုင်ကြမလဲ ဆိုတာလဲ စဉ်းစားသင့်ပြီဆိုတာလေး ထောက်ပြချင်တယ်ပေါ့” လို့ ပြောပါတယ်။
တော်လှန်ရေး ၅ နှစ်ကျော်ကာလအတွင်း ဒေသတွင်းပရဟိတအဖွဲ့တွေရဲ့ မှတ်တမ်းတွေအရ စစ်ကိုင်းလူဦးရေ ၄.၉ သန်းနီးပါးမှာ ၁.၂ သန်းကျော် စစ်ရှောင်နေရတဲ့အတွက် စုစုပေါင်းလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကျော် စစ်ရှောင်နေရတာ ဖြစ်ပါတယ်။
စစ်တပ်စခန်းတွေ၊ ပျူစောထီးရွာတွေနဲ့ နီးကပ်လွန်းတာ၊ တရွာလုံး မီးရှို့ခံရတာတွေကြောင့် အမြဲတမ်း စစ်ရှောင်နေရသူ၊ ရွာတွေကို ဝင်အစီးခံရတာကြောင့် လပိုင်း ယာယီစစ်ရှောင်နေရသူ၊ တိုက်ပွဲနဲ့ စစ်ကြောင်းတွေကြောင့် ရုတ်တရက် အရေးပေါ်စစ်ရှောင်ရသူဆိုပြီး စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ရှောင်အမျိုးအစားတွေ ကွဲပြားနေပြီး လိုအပ်ချက်နဲ့ ထောက်ပံ့ရေးပုံစံတွေလည်း မတူညီဘူးလို့ ဒေသတွင်းပရဟိတအဖွဲ့တွေက ပြောပါတယ်။
တကျော့ပြန်ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က လာမဲ့ ၂၀၂၆ ခုနှစ်မှာ အမျိုးသမီးနဲ့ ကလေးသူငယ်အများစု ပါဝင်တဲ့ လူ ၂ သန်းကျော် အငတ်ဘေး ဆိုက်နိုင်တယ် ဆိုတဲ့ ခန့်မှန်းချက်ဟာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ တိုက်ရိုက်အချိုးကျနေတယ်လို့ ဆိုပါတယ်။










