DVB Logo
Home
မြန်မာသတင်း
မယ်စဲ့မြို့ အုပ်ချုပ်ရေးကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကော်မတီဖွဲ့ ဆောင်ရွက်နေ  
DVB
·
March 28, 2024
မယ်စဲ့မြို့ အုပ်ချုပ်ရေးကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကော်မတီဖွဲ့ ဆောင်ရွက်နေ  
1 / 2
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မြို့တမြို့ဖြစ်တဲ့ ကရင်နီ (ကယား)ပြည်နယ်၊ မယ်စဲ့မြို့မှာ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းကော်မတီဖွဲ့စည်းကာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအပါအဝင် တခြားကိစ္စတွေ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

မယ်စဲ့မြို့ စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်သွားပြီးနောက် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီတပ်မတော် (KA)၊ ကရင်နီပြည်သူ့ရဲတပ်ဖွဲ့ (KSP)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ KNPP နဲ့  ဖားဆောင်း PDF တို့က ပူးပေါင်းကော်မတီ ဖွဲ့စည်းကာ အုပ်ချုပ်ရေး ဆောင်ရွက်နေတာပါ။

ပူးပေါင်းအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌက “ပူးပေါင်းအဖွဲ့ကနေ ကော်မတီ ဖွဲ့စည်းပြီးတော့ ပြည်သူ့လုံခြုံရေး၊ တရားစီရင်ရေး အပါအ၀င် ကိစ္စရပ်တွေကို တာ၀န်ယူထားပါတယ်။ နေရပ်ကိုတော့ သိပ်မပြန်လာကြသေးဘူး။ ပြန်လာတဲ့သူတွေကိုတော့ ရိက္ခာနဲ့ လတ်တလော ရပ်တည်နိုင်ဖို့ ကူညီပေးထားပါတယ်။ IEC ကလည်း ၀န်ထမ်းတွေတော့ ရောက်လာကြပေမဲ့ သိပ်ပြီးတော့ မစုံသေးတော့ သူတို့ တာ၀န်မယူနိုင်သေးဘူး”လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်က လေယာဉ်တွေ မကြာခဏ လာရောက်ပျံ၀ဲလေ့ရှိတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ကြောက်လန့်နေပြီး စစ်ဘေးရှောင်နေတဲ့ နေရာတွေကနေ ပြန်မလာသေးသူတွေ ရှိနေသေးတယ်လို့  ဒေသခံတွေက​ ပြောပါတယ်။

၀မ်ကန် ဒေသခံတဦးက “လောလောဆယ်တော့ လုံခြုံရေးက အဆင်ပြေတယ်ပေါ့။ စား၀တ်နေရေးကတော့ လတ်တလော ကျနော်တို့ ပြန်လာခါစကတော့ ပူးပေါင်းတပ်က ဆန်၊ ဆီနဲ့ တခြားရိက္ခာပေးတယ်။ ကျန်တာတော့ ကိုယ့်ဟာကိုယ်ပဲ၊ ကျနော်တော့ တောင်ယာလုပ်ဖို့ ရှင်းလင်းနေတယ်။ မိသားစုကို စစ်ရှောင်မှာ ထားခဲ့တယ်။ တခြားစစ်ရှောင်တွေလည်း ပြန်လာချင်ကြပေမဲ့ လေယာဉ် ခဏခဏလာလို့ သိပ်ပြီးတော့ မလာရဲသေးဘူး”လို့ ပြောပါတယ်။

တရက်ကို ညနေ ၄ နာရီမှ ည ၆ နာရီအထိ ပြည်သူ့လုံခြုံရေးအတွက် KSP တပ်ဖွဲ့၀င်တွေက မြို့တပတ် ကင်းလှည့်ပေးနေသလို ကလလတအပါအ၀င် တော်လှန်ရေးတပ်တွေကလည်း နယ်စပ်မျဉ်းတလျှောက်နဲ့ မယ်စဲ့မြို့တွင်းနေရာတွေမှာ ဂိတ်ချကာ လုံခြုံရေး ကြပ်မတ်ထား ပါတယ်။

မယ်စဲ့မြို့ကို ၂၀၂၃ ဇွန် ၁၃ ရက်ကစတင်ကာ တော်လှန်ရေးပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ကြပြီး ရက်သတ္တပတ် နှစ်ပတ်ခန့်အကြာမှာ အပြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက် ပစ်ခတ်မှုတွေနဲ့ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် အစိုးရရုံးတွေ အများစုအပါအ၀င် မြို့တွင်းမှာလည်း အဆောက်အဦတွေ တဝက်နီးပါး ပျက်စီးသွားပါတယ်။

အထူးသဖြင့် မြို့မရဲစခန်း၊ မြို့နယ်စာရင်းစစ်ရုံး၊ သမ၀ါယမရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ ဆောက်လုပ်ရေး၀န်ကြီးဌာနရုံး၊ မီးသတ်ရုံး၊ မြို့နယ်လျှပ်စစ်ရုံး၊ ထွေအုပ်ရုံး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးရုံး၊ မွေးမြူရေးနှင့်ကုသရေးရုံး၊ ဥပဒေရုံးနဲ့ မြို့နယ်တရားရုံး စတဲ့ ရုံးတွေ အဓိကပျက်စီးခဲ့တာပါ။

ဒေသခံတော်လှန်ရေးအဖွဲ့၀င်တဦးက “ဒီမှာက တိုက်ပွဲဖြစ်ကတည်းက ကြီးကြီးမားမား သူပစ်ကိုယ်ပစ် ပစ်ကြတာ။ ရဲစခန်းနဲ့ သူတို့တောင်ပေါ်စခန်းပါ။ ကျန်တာက တော်လှန်ရေး အဖွဲ့အစည်းတွေကနေ သူတို့ ရှောင်ပြေးနိုင်တဲ့ရုံးတွေကို မီးရှို့လိုက်တဲ့ သဘောပါပဲ။ ဥပဒေရုံး၊ စည်ပင်ရုံးနဲ့ ဘုန်းကြီးကျောင်းက စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတာပါ”လို့  DVB ကို ပြောပါတယ်။

ဆေးရုံနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံး နှစ်ခုသာ မပျက်စီးဘဲ ကျန်ရှိနေတာဖြစ်ပြီး အစိုးရုံးအများစု ပျက်စီးခဲ့တာလို့  KNPP တာဝန်ရှိသူ  ဗိုလ်လုလူက ပြောပါတယ်။

“မြို့သိမ်းတာက နှစ်ပတ်ပဲ ကြာတယ်။ ကလလတအဖွဲ့တွေနဲ့ ကျနော်တို့ ပေါင်းမိသွားတော့ ပိုအဆင်ပြေသွားတာပေါ့။ ရုံးတွေ အဓိက ပျက်စီးတာကတော့ ကျနော်တို့ဘက်က ကြိုတင်ပြင်ဆင်မှုအနေနဲ့ သူတို့ခိုလှုံ ဆုတ်ခွာလို့ရမယ့် နေရာတွေကို ဖျက်ဆီးပစ်လိုက်ရတဲ့ သဘောပါပဲ။ အဲဒါကြောင့်တည်း ရက်တိုတိုနဲ့ ထိန်းချုပ်နိုင်လိုက်တာ။ အခုတော့ စပြီးတော့ အခွန်ကိစ္စတွေ လုပ်နေပြီ ၆၀ ရာခိုင်နှုန်းကို စစ်ရေးနဲ့ ၄၀ ရာခိုင်နှုန်းကို ပြည်သူ့ကျန်းမာရေးနဲ့ စား၀တ်နေရေး အတွက်သုံးမယ်ဗျာ။”

လက်ရှိအချိန်မှာတော့ မယ်စဲ့မြို့မှာ စစ်ဘေးရှောင်သွားတဲ့ ဒေသခံ ပြည်သူလူထု သုံးပုံ တပုံလောက် နေရပ်ပြန် နေထိုင်နေကြပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013