DVB Logo
Home
နိုင်ငံတကာ
အစစ်အဆေးတင်းကျပ်မှုကြောင့် ဘန်ကောက်တရုတ်တန်းက စားသောက်ဆိုင်အတော်များများ ပိတ်သိမ်း  
DVB
·
March 27, 2024
အစစ်အဆေးတင်းကျပ်မှုကြောင့် ဘန်ကောက်တရုတ်တန်းက စားသောက်ဆိုင်အတော်များများ ပိတ်သိမ်း  
Donate to DVB

ထိုင်းနိုင်ငံထဲမှာ တရုတ်လုပ်ငန်းရှင်အချို့ တရားမဝင်စီးပွားရေး ဝင်ရောက်လုပ်ကိုင်နေတာတွေ ဖမ်းဆီးနှိမ်နင်းသလို တရုတ်စားသောက်ဆိုင်တွေပါ စစ်ဆေးတင်းကျပ်လာပါတယ်။ 

အဲဒီထဲမှာ ဘန်ကောက် ဟွေ့ခဝမ်နယ်မြေ ပချားရတ်ဘန်းဖိန်းလမ်းပေါ်ရှိ တရုတ်တန်းလို့ တင်စားခေါ်ဝေါ်တဲ့ တရုတ်စားသောက်ဆိုင်တွေလည်း စစ်ဆေးခံရတာကြောင့်  ဆိုင်တွေ အတော်များများ ပိတ်သိမ်းကုန်တယ်လို့ နယ်မြေထဲကွင်းဆင်းခဲ့တဲ့ PPTV သတင်းထောက်က ပြောပါတယ်။ 

အဆိုပါနေရာမှာ လွန်ခဲ့တဲ့နှစ်တွေကဆိုရင် လာရောက်လည်ပတ်စားသောက်သူတွေနဲ့ အမြဲစည်ကားနေကြောင်း၊ အထူးသဖြင့် ချာပူ၊ မာလာရှမ်းကော၊ ဟော့တ်ပေါ့တ် အစရှိတဲ့ တရုတ်အ စားအစာတွေ လာစားကြပြီး တရုတ်ကလာတဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ဝယ်ကြကြောင်း၊ ည ၁၂ နာရီထိ လူစည်ကားနေဆဲဖြစ်ပြီး ဒီ  ၂၀၂၄ ခုနှစ်ထဲမှာတော့ ည ၈ နာရီလောက်ဆို လူရှင်းနေပြီလို့  ဈေးသည်တယောက်က ပြောပါတယ်။ 

အခုလိုဖြစ်ရတာဟာ တရုတ်စားသောက်ဆိုင်အတော်များများ ပိတ်သိမ်းကုန်တာကြောင့်ဖြစ် ကြောင်း၊ ဒီနှစ်ထဲမှာ တာဝန်ရှိသူတွေက မကြာခဏလာရောက်စစ်ဆေးတယ်၊  ဆိုင်မှတ်ပုံတင် ထားခြင်းမရှိတာ၊ တရားမဝင်အလုပ်သမားတွေခန့်ထားတာ၊ တရုတ်ကတင်သွင်းတဲ့ စား သောက်ကုန်ပစ္စည်း ကုန်ကြမ်းတွေဟာ ထိုင်းနိုင်ငံ အစားအစာနဲ့ဆေးဝါးဌာနရဲ့ ထောက်ခံစာမရှိ တာ၊ ငွေကြေးခဝါချမှုတွေနဲ့ ပတ်သက်တာတွေကြောင့် အရေးယူခံခဲ့ရတယ်၊ အဲဒီနောက် မှတ်ပုံပြန်တင်မယ်ဆိုတော့လည်း လုပ်ငန်းစဉ်တွေရှုတ်ထွေးလှတယ်၊ ချာပူ၊ မာလာ စတဲ့ ဆိုင်တွေလည်း ဘန်ကောက်အခြားနေရာတွေမှာ ဖွင့်လှစ်လာကြတယ်၊ ခရီးသွားဧည့်သည်လည်း အလာနည်းတယ်၊ ဒါကြောင့် ဆိုင်တွေ ပိတ်သိမ်းကုန်တယ်လို့  ဟွေ့ခဝမ်နယ်မြေ ဈေးဆိုင်ခန်းများ ကြီးကြပ်သူ ဟန်ကစ်ကျကွန်းက သတင်းထောက်ကို ပြောပါတယ်။ 

အဆိုပါ တရုတ်တန်းမှာ ယခင်က ဈေးဆိုင်နဲ့စားသောက်ဆိုင်ပေါင်း ၄၀ ကျော်ရှိတယ်၊ အခုပိတ်သိမ်းသွားတာ ၁၂ ဆိုင်ရှိတယ်၊ ရာခိုင်နှုန်းအားဖြင့် ၃၀ ရာနှုန်းပိတ်သွားတယ်၊  ဆိုင် တဆိုင်ရဲ့ အရင်းနှီးဟာ ဘတ် ၂ သန်းကနေ ၃ သန်းထိရှိတယ်၊ အဲဒီဈေးကနေ တလဝင်ငွေ ဘတ်သန်းပေါင်းရာနဲ့ချီ ရခဲ့တယ်လို့  ဟန်ကစ်ကျကွန်းက ပြောသွားပါတယ်။ 

အနီးနားရှိ ဈေးသည်နဲ့ ဆိုင်ကယ် - ကယ်ရီသမားတွေကလည်း လာရောက်လည်ပတ်သူတွေ နည်းပါးသွားတာကြောင့် သူတို့လည်း သိပ်အလုပ်မဖြစ်တော့ဘူး၊ ဈေးရောင်းပါးတယ်၊ ဆိုင်ကယ်ငှါးစီးမယ့်သူလည်း အတော်နည်းသွားတယ်လို့ ပြောပါတယ်။ 

တာဝန်ရှိသူတွေက အခုလို တရားဥပဒေနဲ့အညီဖြစ်အောင် စစ်ဆေးတင်းကျပ်လိုက်တော့ ကောင်းတာက ယာဉ်ကြောပိတ်တာတွေ မရှိတော့ဘူး၊ ဟိုပြဿနာ ဒီပြဿနာ လာရောက်တိုင် တန်းတာတွေ နည်းသွားတယ်၊ ဒါပေမဲ့  ဒေသခံတွေရဲ့ စီးပွားရေးကိုတော့ ထိခိုက်သွားတယ်၊ တာဝန်ရှိသူတွေအနေနဲ့  အဆင်ပြေအောင် ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတွေ ရှာပေးစေချင် တယ်လို့  ထိုင်းအစားအစာရောင်းချသူ ဆိုင်ပိုင်ရှင်တယောက်က ပြောသွားပါတယ်။

Source/Photo-ThaiPBS/Today

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013