DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်မြို့တွင် စစ်ကောင်စီက အစစ်အဆေးတင်းကျပ်
DVB
·
March 27, 2024
မော်လမြိုင်မြို့တွင် စစ်ကောင်စီက အစစ်အဆေးတင်းကျပ်
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မြို့အဝင်အထွက်နေရာတွေနဲ့ မြို့ထဲကို စစ်ကောင်စီက မတ် ၂၅ ရက်ကစပြီး အစစ်အဆေးတင်းကျပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မော်လမြိုင်မြို့မှာ မတ် ၂၄ ရက်က မော်လမြိုင်လေဆိပ်နဲ့ မင်းရွာရှိ ထောင်သစ်တို့ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရတာနဲ့ မွန်-ကရင်နယ်စပ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ဆေးရေးတင်းကျပ်လာတာပါ။

မော်လမြိုင်မြို့အတွင်းနဲ့ ပေါင်မြို့၊‌ ကျိုက်မရောမြို့၊ မုဒုံမြို့နဲ့ ချောင်းဆုံမြို့ အထွက်ပေါက်တွေမှာ စစ်ကောင်စီတပ်သားတွေက  စစ်ဆေးနေတယ်လို့ မော်လမြိုင်ဒေသခံတယောက်က ပြောပါတယ်။

"မြို့အထွက် ၄ ခုမှာက ကားတွေကို အဓိကစစ်တာ၊ ဆိုင်ကယ်တွေကို သိပ်မစစ်ဘူး။ လူငယ်အမျိုးသားတွေချည်းပဲဆို ပိုစစ်တယ်။ မြို့ထဲမှာတော့ ဆိုင်ကယ်ဘောက်တွေကော ဖုန်းတွေကောစစ်‌တာ။ ဖုန်းထဲမှာ တခုခုတွေ့ရင် စစ်မေးပြီး ဖမ်းတာ‌တို့၊ ပိုက်ဆံတောင်းတာတို့လည်း လုပ်တယ်။" 

စစ်ကောင်စီတပ်သားတွေက နေ့ဘက်အပြင် ညဘက်တွေမှာလဲ ကားနဲ့ပတ်ပြီး ကင်းပတ်သလို မြို့စွန်ရပ်ကွက်တွေမှာရှိတဲ့ အဆောင်တွေနဲ့ တိုက်ခန်းတွေကိုလည်း ဧည့်စရင်းစစ်နေတယ်လို့ ဇေယျာသီရိရပ်ကွက်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

"မြို့စွန်မှာက အဆောင်အခန်းတွေ ပေါသလို အုပ်ကြီးတွေကလည်း စစ်တပ်က ခန့်ထားတဲ့ ကောင်တွေချည်းပဲဆိုတော့ ခုချိန်ပိုစစ်တာပေါ့။ ဧည့်စရင်းပဲစစ်တာ မဟုတ်ဘူး အဲ့နေရာတွေ လူစိမ်းအဝင်အထွက်‌တွေပါ စောင့်ကြည့်တာ။ အခုအစစ်‌အဆေးတွေကြမ်းပြီး ဖမ်းနေတော့ သွားလာတာအရမ်းခက်တယ်။" 

စစ်ကောင်စီက မြို့တွင်းမြို့ပြင်အင်အားပြပြီး စစ်ဆေးလာတဲ့အတွက် မော်လမြိုင်မြို့အတွင်း စစ်ပွဲဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013