DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် ဆေးဖက်ဝင် ဗာဒံပင်
DVB
·
March 27, 2024
နွေဦးပြည်သူတို့အတွက် ဆေးဖက်ဝင် ဗာဒံပင်
Donate to DVB

တော်လှန်ဒီရေ ခေါင်ခိုက် အာဏာရှင်အမှိုက်သိမ်းချိန်လည်း အလှမ်းမဝေး နီးသထက်နီးပြီမို့  အားတင်းညီညီ ရှေ့သို့ချီရင်း ခရီးဆက်ကြရပေဦးမည်။ တော်လှန်ခရီးကြမ်းမှာ ပန်းခဲ့သမျှ မကြာမီကာလမှာ ချွေးသိပ်ခိုနား အပန်းဖြေနိုင်ကြဖို့ ကျန်းကျန်းမာမာ ခရီးဆက်ကြဦးစို့။

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဆေးဘက်ဝင် ဗာဒံပင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားပါမယ်။

ဗာဒံပင်ကို သိပ္ပံလို Terminalia catappa လို့ခေါ်ပြီး အင်္ဂလိပ်လို country almond, Indian almond, Malabar almond, sea almond, tropical almond, beach almond and false kamani စသဖြင့် ခေါ်ကြပါတယ်။

ဗာဒံပင်မှာ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ပရိုတိန်း၊ သံဓာတ်၊ ဇင့်၊ ဖော့စ်ပရပ်စ်နဲ့ ကာဘိုဟိုက်ဒရိတ် စတဲ့ အာဟာရဓာတ်တွေနဲ့ အမျှင်ဓာတ်၊ ဖောလိတ်၊ Niacin, Pantothenic acid, Pyridoxine, Riboflavin, Thiamin စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတ်ပေါင်းများစွာပါဝင်ပြီး အစေ့မှာ ပရိုတင်းဓာတ်နဲ့ အမိုင်နိုအက်ဆစ်တွေဖြစ်တဲ့ leucine, phenylalanine, isoleucine, histidine, valine, tryptophan, threonine, methionine, lysine နဲ့ tyrosine များအပြင် steroids, triterpenes, ကာဗိုဟိုက်ဒရိတ်၊ triterpenoid, saponin, alkaloid, polyphenol, flavonoid, tannin နဲ့ glycoside တို့ ပါဝင်ပါတယ်။

ဗာဒံပင်မှာ မှိုသတ်ဆေး၊ ပိုးသတ်ဆေးအာနိသင်၊ ရောင်ရမ်းခြင်းကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ အိုမင်းခြင်းကို လျော့ပါးစေခြင်း၊ သွေးတွင်းအဆီ ကျစေခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ အရိုးကျန်းမာစေခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ ဦးနှောက်ကျန်းမာရေးကို မြှင့်တင်ပေးခြင်း စတဲ့အစွမ်းအာနိသင်များ ပါဝင်ပါတယ်။

ဗာဒံရွက်မှာ ပိုးသတ်ဆေးအာနိသင် ပါဝင်တာကြောင့် အရွက်သတ္တုရည်ကို ထိခိုက်ဒဏ်ရာများ အတွက် လိမ်းဆေးအဖြစ် အသုံးပြုနိုင်သလို ဓာတ်မတည့်မှုကြောင့် အရေပြားယားယံခြင်း၊ အရေပြားနီမြန်းခြင်း၊ နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းများမှာလည်း အရွက်သတ္တုရည်ကို လိမ်းပေးနိုင်ပါတယ်။

သွေးအားနည်းခြင်းအတွက် ဗာဒံရွက်သတ္တုရည် ဟင်းစားဇွန်းတဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အသည်းရောင်ခြင်းနဲ့ အသည်းဆိုင်ရာ ရောဂါတွေအတွက် ဗာဒံရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းတခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဝမ်းကိုက်ရောဂါအတွက် အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းတခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

မျက်စိနာခြင်းအတွက် ဗာဒံရွက်သတ္တုရည်ကို မျက်စဥ်းခတ်ပေးနိုင်ပါတယ်။

သွားနဲ့ ခံတွင်း ရောဂါများမှာ အခေါက်ပြုတ်ရည်ကို ငုံဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

မိန်းမကိုယ် ပိုးဝင်ခြင်းအတွက် အခေါက်ပြုတ်ရည်ကို ဖန်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

အမျိုးသားများ ဗာဒံစေ့ကို စားပေးခြင်းက အချိန်မတိုင်မီ သုက်လွှတ်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ အားနည်းခြင်းတို့ကို သက်သာစေပါတယ်။

အမျိုးသမီးများမှာ ဗာဒံစေ့ကို စားပေးခြင်းဖြင့် အရေပြားကြံ့ခိုင်မှုနဲ့ ပျော့ပြောင်းမှုကို ထိန်းသိမ်းပေးတဲ့အတွက် အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်။

ဗာဒံသီးနဲ့ အစေ့ နှစ်မျိုးစလုံးမှာ ကယ်လ်စီယမ် ပါဝင်ပြီး အမျှင်ဓာတ် ကြွယ်ဝတဲ့အတွက် ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးတွင်း မကောင်းတဲ့အဆီကို သိသိသာသာ လျှော့ချပေးပြီး ကောင်းတဲ့အဆီဓာတ်ကို တိုးပွားစေတာကြောင့် အဝလွန်ခြင်း၊ သွေးတိုး၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို ဟန့်တားပေးနိုင်တဲ့အပြင် အသားအရေနဲ့ ဆံပင်ကျန်းမာရေး အတွက်လည်း ကောင်းမွန်ပါတယ်။

ဗာဒံစေ့မှာ ပါဝင်တဲ့ linoleic နဲ့ linolenic acid များ ခန္ဓာကိုယ်အနှံ့ ရောင်ရမ်းမှုကို လျှော့ချရာမှာ ကူညီပေးပါတယ်။

ဗာဒံစေ့မှာ ဖော့စဖရပ်စ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝတာကြောင့် ဗာဒံစေ့ အသင့်အတင့်ကို ပုံမှန်စားသုံးပေးခြင်းဖြင့် အရိုးနဲ့ သွားများကို သန်မာစေပါတယ်။ ကိုယ်အလေးချိန် လျှော့ချရာမှာ များစွာ အထောက်အကူ ဖြစ်စေပါတယ်။

ဗာဒံစေ့မှာ မန်ဂနိစ်နဲ့ ဇင့်၊ သတ္တုဓာတ်များ ပါဝင်တာကြောင့် ခန္ဓာကိုယ်ကြီးထွားမှုနဲ့ ပုံမှန်လုပ်ငန်းဆောင်တာများအတွက် အထောက်အကူ ဖြစ်စေတဲ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း မြင့်တက်စေပါတယ်။

ဗာဒံစေ့မှာပါတဲ့ ဖောလစ်အက်စစ်က သံဓာတ်ကို ကူညီပေးတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်များ ဗာဒံစေ့ အသင့်အတင့် စားပေးခြင်းက မွေးကင်းစကလေးငယ်များမှာ မွေးရာပါ မသန်စွမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။

ဗာဒံစေ့မှာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေတဲ့ L-carnitine နဲ့ riboflavin အာဟာရဓာတ်များ ပါဝင်တာကြောင့် ဦးနှောက်လုပ်ဆောင်ချက်ကို သိသိသာသာ တိုးမြင့်စေပြီး အယ်လ်ဇိုင်းမားရောဂါနဲ့ မှတ်ဉာဏ်ချွတ်ယွင်းခြင်းကို ‌ေလျာ့ပါးစေပါတယ်။

ဗာဒံစေ့ ၄-၅ စေ့မှာ ပါဝင်တဲ့ အမျှင်ဓာတ်ပမာဏဟာ အူလှုပ်ရှားမှုနဲ့ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ဗာဒံစေ့ကို ပုံမှန်စားသုံးပေးတာက ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။

ဗာဒံစေ့မှာ ပိုတက်စီယမ် ပါဝင်တဲ့အတွက် ဗာဒံစေ့ကို ပုံမှန်စားပေးခြင်းက သွေးပေါင်ချိန် အတက်အကျကို ထိန်းပေးပါတယ်။

ဗာဒံစေ့ဟာ အစာစားပြီးနောက် အင်ဆူလင် မြင့်တက်ခြင်းနဲ့ ဂလူးကို့စ်ပမာဏ မြင့်တက်မှုကို လျှော့ချပေးတဲ့အတွက် ဗာဒံစေ့စားပေးခြင်းက ဆီးချိုရောဂါအတွက် အထောက်အကူ ဖြစ်စေပါတယ်။

ဗာဒံစေ့ကို ပုံမှန်စားသုံးပေးခြင်းဖြင့် အူမကြီးတလျှောက် အစာလှုပ်ရှားမှုကို အားကောင်းစေပြီး အူမကြီးကင်ဆာဖြစ်ခြင်းနဲ့ ကင်ဆာဖြစ်ပွားခြင်းတို့ကို ကာကွယ်ပေးပါတယ်။ ဗာဒံစေ့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တဲ့အတွက် ပုံမှန်စားသုံးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။

ဗာဒံစေ့ဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ ရောင်ရမ်းခြင်းကို ဆန့်ကျင်ခြင်းနဲ့ အသည်းအဆိပ်သင့်ခြင်းတို့ကို တားဆီးပေးတဲ့အတွက် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဓာတ်စာတခု ဖြစ်ပါတယ်။

ဗာဒံစေ့ စားသုံးနိုင်တဲ့ ပမာဏမှာ တခါစား ၄-၅ စေ့ တနေ့ ၂ ကြိမ်ခန့် ဖြစ်ပါတယ်။

သတိပြုရမှာက

ဗာဒံသီးကို အတန်အသင့် စားသုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပြီး အလွန်အကဲ စားသောက်ခြင်းက ဘေးထွက်ဆိုးကျိုး ဖြစ်စေနိုင်ပါတယ်။

ဗာဒံစေ့ကို အလွန်အကျွံ စားသုံးခြင်းက ဝမ်းချုပ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ ဝမ်းလျှောခြင်း၊ ထုံထိုင်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဓာတ်မတည့်သူများမှာ အသက်ရှူရခက်ခြင်း၊ အဖုများထွက်ခြင်း၊ ပျို့အန်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဗာဒံစေ့နဲ့ ဓာတ်မတည့်သူများ ဗာဒံပင်ထွက် ပစ္စည်းများကို ရှောင်ကြဥ်ပါ။

နွေဦးပြည်သူများ ဗာဒံပင်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

တော်လှန်‌ရေးခရီးဆုံး ပန်းတိုင်မှာ အတူတကွ ပြန်ဆုံကြပါစို့။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013